Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် မြွေအန္တရာယ်ဆိုင်ရာ လက်လှမ်းမီဆေးပညာ
DVB
·
September 22, 2023

တော်လှန်ကွင်းဆက်ငြိ အထက်အောက်လည်း စီးဝါးမိလာပြီ။ ဒီအချိန်မှာ အဓိက စိတ်ဓာတ်မကျဖို့ သတိပေးချင်ပါတယ်။ တဦးနဲ့တဦး ရိုင်းပင်း၊ တယောက်ကိုတယောက် တွဲထူ၊ တယောက်အပူ တယောက် ဖေးကူကြရမယ့်အချိန် ဖြစ်ပါတယ်။ ခရီးပန်းပေမဲ့ ဒီခရီးလမ်းက နောက်ပြန်လှည့်လို့မရ။ နောက်မျိုးဆက်တွေမှာ အာဏာရှင်အမွေဆိုး အမြစ်တစ မကျန်ရအောင် ဆွဲနှုတ် ပေါင်းသတ် အာဏာရှင်အမြစ်ပြတ်တဲ့အထိ တော်လှန်စွမ်းအား ပြည်သူ့ဓားနဲ့ ရှင်းလင်းသုတ်သင် အောင်ပွဲဆင်မှ စိတ်ချလက်ချ ထားခဲ့လို့ ရနိုင်ကြမယ့် အခြေအနေ ဖြစ်တယ်။

ဒါ့ကြောင့် ကြမ်းတမ်းခက်ထန် ခရီးဆန်လည်း ဇွဲပြည့်မာန်ထည့် တော်လှန်မျိုးဆက် ခရီးဆက်ကြရဦးမယ်။ ဒီခရီးလမ်းရဲ့ စိန်ခေါ်မှုတွေကြား ဆေးဘက်ဆိုင်ရာ ပြဿနာတခုဟာလည်း သာမန်မဟုတ်တဲ့ အခြေအနေမှာ တော်လှန်သူအတွက် ခက်ခဲပင်ပန်းစွာ မဖြစ်မနေ ရင်ဆိုင်နေကြရပါတယ်။ ဒီအထဲကမှ မြွေအန္တရာယ်ဟာလည်း ကြီးစွာသော ခြောက်လှန့်မှုတခုအဖြစ် လက်တွေ့ရင်ဆိုင်နေကြတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်နေပါတယ်။ ဒါ့ကြောင့် မြွေအန္တရာယ်ကို လျော့ပါးသက်သာစေဖို့ လက်လှမ်းမီဆေးပညာက တဖက်တလမ်းမှ ကူညီပေးနိုင်ရန် မျှဝေတင်ပြလိုပါတယ်။

မြွေဆိပ်ဖြေဆေး လက်လှမ်းမမီတဲ့ အခြေအနေမှာ မြွေအန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှု လျှော့ချနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံမှာ မြွေအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိတဲ့အထဲကမှ အန္တရာယ်ပေးမှု အများဆုံးက မြွေပွေးနဲ့ မြွေဟောက်တို့ ဖြစ်ပါတယ်။

မြွေအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရာမှာ အရေးတကြီးလုပ်ဆောင်ရမယ့် အဓိကအချက် ၃ ချက် ရှိပါတယ်။

၁။ မြွေအန္တရာယ် ကြိုတင်ကာကွယ်ခြင်း

၂။ မြွေ‌ကိုက်ခံရပါက ရှေးဦးသူနာပြုစုခြင်း

၃။ ကုသခြင်း ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ မြွေအန္တရာယ် ကြိုတင်ကာကွယ်ခြင်း

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုတဲ့ စကားအတိုင်း မြွေအန္တရာယ်ဟာလည်း  ကြိုတင်ကာကွယ်တာက အသက်အန္တရာယ် ထိခိုက်မှုကို လျော့ပါးဖို့ အတွက် အဓိကကျပါတယ်။

ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အခွင့်အရေးရှိရင် လည်ရှည်ဖိနပ်/တောစီးဖိနပ်တွေ စီးပြီး သွားလာပါ။ လည်ရှည်ဖိနပ်/တောစီးဖိနပ် မရှိရင်  စက်ဘီးကျွတ်၊ ဆိုင်ကယ်ကျွတ်ကို ဖြတ်တောက်ပြီး တောစီးဖိနပ်ကဲ့သို့ စွပ်ပြီးဖြစ်စေ၊ ကျွတ်စကို ပတ်လို့ဖြစ်စေ သွားလာပါ။ သွားလာရာမှာ တုတ်ရှည်တချောင်းဆောင်ပြီး မမြင်ရတဲ့နေရာကို ခြောက်လှန့်ပြီး သွားလာပါ။ အလင်းရောင်မရှိတဲ့နေရာကို သွားလာတဲ့အခါ ဓာတ်မီး၊ မီးတုတ်တို့ကို ထွန်းညှိ သွားလာပါ။

၂။ မြွေ‌ကိုက်ခံရပါက ရှေးဦးသူနာပြုစုခြင်း

မြွေကိုက်ခံရတဲ့အခါ  မြွေကိုက်လူနာကို ရှေးဦးသူနာပြုစုနည်း မှန်ကန်ဖို့ အရေးကြီးပါတယ်။

မြွေကိုက်လူနာကို မလှုပ်ရှားစေပါနဲ့။ စိတ်ကို ငြိမ်‌အောင်ထားပါ။ မြွေကိုက်ဒဏ်ရာကို အဝတ်နဲ့အုပ်ပြီး အဝတ်စနဲ့ စည်းထားပေးပါ။ မြွေကိုက်ခံရတဲ့ အစိတ်အပိုင်းကို မလှုပ်ရှားအောင် ဝါးခြမ်း/တုတ်ရှည် တခုခုနဲ့ အပေါ်အောက် အဆစ်တွဲပြီး ကြပ်စည်းထားပါ။ (လှုပ်ရှားမှုများတာဟာ မြွေဆိပ်ပျံ့နှံ့မှု ပိုမိုလွယ်ကူ လျင်မြန်စေပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများပါတယ်။)

ဒီနေက် လက်လှမ်းမီပါက ဆေးရုံ/ဆေးခန်းကို အမြန်ဆုံးပို့ဆောင်ရမှာ ဖြစ်ပါတယ်။

၃။ ကုသခြင်း

ဆက်လက်ပြီး ဆေးရုံ/ဆေးခန်း လက်လှမ်းမမီတဲ့ မြွေကိုက်လူနာတွေအတွက် မြွေဆိပ်အန္တရာယ် လျော့ကျစေတဲ့ လက်လှမ်းမီ သဘာဝဆေးဘက်ဝင် ဆေးပင် ဆေးပစ္စည်းတွေနဲ့ လက်တွေ့အသုံးပြုပုံကို တင်ပြပေးသွားပါမယ်။

- ဝက်ချေးပနဲ ခေါ် တတိုင်းမွှေးပင်ဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ အလေ့ကျပေါက်တဲ့အပင် ဖြစ်ပါတယ်။ ဒီအပင်ကို တောင်သူလယ်သမားတွေ၊ လယ်ယာတလင်းတွေမှာ လုပ်ငန်းသုံး တံမြက်စည်းအဖြစ် သုံးစွဲကြပါတယ်။

ဝက်ချေးပနဲအရွက် ထုထောင်းကြိတ်ညှစ်ပြီး ရတဲ့အရည် (သတ္တုရည်) တခါသောက် ရေနွေးကြမ်းပန်းကန် ၁-ခွက်စာကို ၁ နာရီခြား ၁ ကြိမ် တိုက်ပေးပါ။ ဒီလို ၃-ကြိမ် တိုက်ပြီးတဲ့နောက် ၂-နာရီခြား ၁-ကြိမ်နှုန်းနဲ့ ၃-ကြိမ် တိုက်ပေးပါ။ ပြီးနောက် ၃-နာရီခြား ၃-ကြိမ်၊ ၄-နာရီခြား ၃-ကြိမ် စတဲ့နှုန်းများအတိုင်း ၃ ကြိမ်ပြည့်ပြီးတိုင်း နောက်ထပ် ၁ နာရီစီ ခြားပြီး ၃-ကြိမ်နှုန်း တိုက်ကျွေးပေးပါ။ ဝက်ချေးပနဲ ခေါ် တတိုင်းမွှေးပင် တပင်လုံးကို ပြုတ်ပြီး အအေးခံကာ တခါသောက် အကြမ်းပန်းကန် ၂-ခွက်စာကို ဖော်ပြထားတဲ့နည်းအတိုင်း သောက်သုံးနိုင်ပါတယ်။

ထုထောင်းထားတဲ့ ဝက်ချေးပနဲအရွက်ကို မြွေကိုက်ဒဏ်ရာပေါ်မှာ အုံပြီး စည်းနှောင်ထားပေးပါ။ စည်းနှောင်ထားတဲ့ ဆေးဖတ်ကို ၃-နာရီခြား တကြိမ် လဲလှယ်ပေးပါ။

- ကျီးအာသီးပင်ဥကို ထုထောင်း သတ္တုရည် ပြုလုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို အထက်ကနည်းအတိုင်း ၁-နာရီခြား ၃-ကြိမ်၊ ၂-နာရီခြား ၃-ကြိမ်၊ ၃-နာရီခြား ၃-ကြိမ်၊ ၄-နာရီခြား ၃-ကြိမ် စသဖြင့် ၃ ကြိမ်ပြည့်တိုင်း ၁ နာရီထပ်တိုးခြားတဲ့နည်းနဲ့ တိုက်ကျွေးပေးပါ။ ထုထောင်းထားတဲ့အဖတ်ကို မြွေကိုက်ဒဏ်ရာပေါ်မှာ အုံပြီး စည်းနှောင်ထားပေးပါ။ စည်းနှောင်ထားတဲ့ဆေးဖတ်ကို ၃-နာရီခြားတကြိမ် လဲလှယ်ပေးတဲ့ နည်းအတိုင်း ပြုလုပ်ပေးပါ။

- မဲရိုင်း ခေါ် မဲတစို့ပင် သတ္တုရည်ကိုလည်း တခါသောက် အကြမ်းပန်းကန်တဝက်စာကို အထက်ကနည်းအတိုင်း ၃ ကြိမ်ပြည့်တိုင်း ၁ နာရီ ထပ်တိုးခြားတဲ့နည်းနဲ့ တိုက်ကျွေးပေးပါ။ အဖတ်ကိုလည်း မြွေကိုက်ဒဏ်ရာပေါ် အုံစည်းပြီး ၃ နာရီခြားတခါ လဲလှယ်တဲ့နည်းအတိုင်း ပြုလုပ်ပါ။

- ကြွက်နွယ်ပင်အရွက် သတ္တုရည်ဖြစ်စေ ကြွက်နွယ်ပင်အမြစ် သွေးရည်ဖြစ်စေ တခါသောက် အကြမ်းပန်းကန် ၁ ခွက်စာကို ၁-နာရီခြား ၃-ကြိမ်တိုက်ပါ။ နောက်ထပ်လည်း အထက်ကနည်းအတိုင်း ၂-နာရီခြား၊ ၃-နာရီခြား စသဖြင့် ဆက်လက်တိုက်ကျွေးပေးပါ။ ဆေးအဖတ်ကိုလည်း ဒဏ်ရာပေါ် စည်းပေးထားပြီး ၃ နာရီခြားတခါ လဲလှယ်ပေးပါ။

- မဟာကာကြံဆစ်ပင်ကို သတ္တုရည်ပြုလုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တခွက် အထက်မှာဖော်ပြထားတဲ့ တိုက်ကျွေးနည်းအတိုင်း တိုက်ကျွေးပေးနိုင်ပါတယ်။ ဆေးအဖတ်ကိုလည်း ဒဏ်ရာပေါ်စည်းပေးထားပြီး ၃ နာရီခြားတခါ လဲလှယ်ပေးပါ။

- ဆိတ်ဖလူးပင်အရွက် သတ္တုရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁-ခွက်စာကိုလည်း ဖော်ပြထားတဲ့နည်းအတိုင်း တိုက်ကျွေးပြီး ဆေးအဖတ်ကိုလည်း ဒဏ်ရာပေါ် စည်းပေးထားပြီး ၃ နာရီခြားတခါ လဲလှယ်ပေးပါ။

- မြားဆိပ်ပင်မှ အစေးကို ရယူပြီး တခါသောက် ကော်ဖီဇွန်းတဝက်၊ တနေ့ကို ၃-ကြိမ်မှ ၄-ကြိမ် တိုက်ကျွေးနိုင်ပါတယ်။ မြားဆိပ်ပင်အခေါက် သွေးရေကို တခါသောက် ကော်ဖီဇွန်း ၂-ဇွန်း၊ တနေ့ကို ၃ ကြိမ်မှ ၄ ကြိမ် တိုက်ကျွေးနိုင်ပါတယ်။

မြားဆိပ်အစေးဖြစ်စေ၊ မြားဆိပ်ခေါက် သွေးရေဖြစ်စေ ဒဏ်ရာပေါ်မှာ လိမ်းကျံပြီး ၃ နာရီခြား တကြိမ် လဲလှယ်ပေးပါ။

ဖော်ပြထားတဲ့ ဆေးပမာဏဟာ လူကြီးသောက်ဖို့ဖြစ်ပြီး ၁၂ နှစ်အောက်ကလေးတွေ အတွက် လူကြီးသောက်ဆေးပမာဏရဲ့ တဝက်မှ ၄-ပုံ ၁-ပုံကို အရွယ်ကိုချင့်ချိန်ပြီး တိုက်ကျွေးရမှာ ဖြစ်ပါတယ်။

မြွေအန္တရာယ်ဖြစ်လာပါက အထက်မှာ ဖော်ပြထားတဲ့ ဆေးဝါးတွေထဲက လက်လှမ်းမီရာ ဆေးတမျိုးမျိုးကို ရယူပြီး မြွေဆိပ်အမြန်ဆုံး လျော့ကျစေဖို့ ဂရုတစိုက် ဆောင်ရွက်ခြင်းဖြင့် မြွေကိုက်လူနာရဲ့ အသက်အန္တရာယ်ထိခိုက်မှု လျော့ပါးရေးအတွက် အလျှင်အမြန် ကူညီပေးဖို့ တိုက်တွန်းအပ်ပါတယ်။

တော်လှန်ရေးမိတ်ဆွေတွေ မြွေအန္တရာယ်ကို ကျော်လွှားနိုင်ပြီး ကျန်းကျန်းမာမာနဲ့ တော်လှန်ရေးခရီးကို ရဲရဲချီ ပန်းတိုင်ဆီ ညီညီလျှောက် ခရီးဆုံးကို အတူ အမြန်ရောက်နိုင်ကြပါစေကြောင်း တလေးတစား ရေးသားလိုက်ရပါတယ်။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024