စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဈေးကြီးလမ်းမပေါ်ရှိ Hello Mobile ဖုန်းဆိုင်ပိုင်ရှင်ကို PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီလောက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဆိုင်ကိုလည်း ချိပ်ပိတ်လိုက်တယ်လို့ မိသားစုနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။
Hello Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးကာ နောက်တရက်မှာပဲ ဆိုင်ကိုလည်း ပြည်သူပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
ဖုန်းဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူတဦးက “အစ်ကိုက ဆိုင်အပေါ်ထပ်မှာ အိပ်တာကို သူတို့ (စစ်ကောင်စီတပ်) က သိနေကြတယ်။ မလိုသူတွေ တိုင်တန်းလို့ ဖြစ်နိုင်တယ်။ လူကိုဖမ်းရုံတင်မဟုတ်ဘူး၊ ဆိုင်ကိုပါ သူတို့သော့တွေနဲ့ ပြောင်းခတ်သွားကြတာ။ အခုမနက်ပိုင်းမှ ချိပ်ပိတ်ပြီး သိမ်းလိုက်တာလို့ သိရတယ်။ အတွင်းထဲကပစ္စည်းတွေ ဖုန်းတွေကိုပေါ့၊ ဈေးကြီးတာတွေ ယူသွားကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ဆိုင်အတွင်းရှိ တန်ဖိုးကြီးဖုန်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက်က ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ နေအိမ်ကို CDM ပြုလုပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းယူခဲ့ပါတယ်။