Home
မြန်မာသတင်း
ဒရူယန် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ၊ အရာခံဗိုလ်အပါ ၂ ဦး ဖမ်းမိပြီး၊ လက်နက် ကား ၃ စီးစာရ   
DVB
·
September 21, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားကားလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်း ၁ ခုကို စက်တင်ဘာ ၂၀ ရက် မနက်က KIA၊ KPF ပူးပေါင်း အဖွဲ့တို့ သွားတိုက်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်မှာ သိမ်းနိုင်ခဲ့ကာ အရာခံဗိုလ်အပါ အရှင် ၂ ဦး ဖမ်းမိပြီး လက်နက်ပစ္စည်းကား ၃ စီးစာ သိမ်းဆည်းရရှိတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

မနေ့ မနက် ၇ နာရီကစ မြစ်ကြီးနား -  ဆွမ်ပရာဘွမ် -ပူတာအို လမ်းမပေါ် ဒရူချောင်း တံတားနား စခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KIA တပ်မဟာ ၁၊ တပ်ရင်း ၁၀၊ ၂၂ နဲ့ KPF ပူးပေါင်း အဖွဲ့  KIA တပ်မဟာ ၁ နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

KIA တပ်ဖွဲ့ဝင်တဦးက "ဒီနေ့တော့ ကျနော်တို့ဘက်က အသင့် စောင့်နေပါတယ်။ ဒရုန်းနဲ့ လေကြောင်း တော်တော် လှုပ်ရှားလာနေတယ်။ မနေ့က မြစ်ဆုံအထက်၊ တယန် အပေါ်ဘက်က ဒရူ စစ်ကောင်စီစခန်းကို သိမ်းလိုက်ပြီ။ မနေ့က မနက် ၇ နာရီတည်းက တိုက်တာ နေ့လယ် ၁၂ နာရီခန့်မှာ သိမ်းနိုင်ခဲ့တာ" လို့ ပြောပါတယ်။  

နေ့လယ် ၁၂ နာရီ မိနစ် ၂၀ လောက်မှာ  စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ KPF (Kagabu People's Force) အဖွဲ့တို့က  အကုန်အစင် သိမ်းနိုင်ခဲ့တယ်လို့ ကေအိုင်အေတပ်ဖွဲ့ဝင်က  ရှင်းပြပါတယ်။ 

"စစ်ကောင်စီဘက်က သေဆုံးတာများတယ်။ ထွက်ပြေးသွားတဲ့ သူတွေလည်း ရှိတယ်။ အရာခံဗိုလ် ၁ ဦး အရှင် ဖမ်းမိတယ်။  ကျနော်တို့ရဲ့ အပေါ်နားမှာပဲ။ ကား ၂ စီးနဲ့တောင် သယ်လို့ မကုန်ဘူး။ ပစ္စည်းတွေ သိမ်းရတယ်။"

သိမ်းဆည်း ရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ  60 mm ပြောင်းရှည် ၂ လက်၊ 60mm ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ငါးကြင်းမှီး စက်သေနတ် ၁ လက်၊ လက်နက်ငယ် MA Series မျိုးစုံ ၈ လက်၊ 60 mm ဗုံးသီး၊ RPG၊ မိုင်း၊ လက်နက်ငယ်ကျည်နဲ့ အခြား ခဲယမ်း ပစ္စည်းများစွာပါပြီး ကား ၃ စီးဖြင့် သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း  KIA နဲ့ ပူးပေါင်းအဖွဲ့က ၁ ဦး အသက်ပေးခဲ့ရပြီး ၄ ဦး ထိခိုဒဏ်ရာ ရရှိခဲ့ကာ  စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် အရှင် သုံ့ပန်း ၂ ဦး ဖမ်းမိပြီး အလောင်း ၁၁ လောင်း ရခဲ့ပါတယ်။ 

စခန်းသိမ်းပြီးနောက် KIA နဲ့ ပူးပေါင်း အဖွဲ့တို့က အဲဒီ ဒရူယန် စစ်ကောင်စီတပ်စခန်းကို အကုန်အစင် မီးရှို့ ရှင်းလင်းခဲ့ကာ  တပ်ပြန်ခေါက်လာခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024