Home
မြန်မာသတင်း
မုံရွာ-မန္တလေး ကားလမ်းကို စိုးမိုးထားနိုင်ပြီဟု စစ်ကောင်စီဝါဒဖြန့်သည့်ပေါ်  PDF တုံ့ပြန်
DVB
·
September 21, 2023

မုံရွာ-မန္တလေးကားလမ်းကို အပြည့်အဝ စိုးမိုးထားနိုင်ပြီဖြစ်လို့ ခရီးသွားပြည်သူတွေ သွားလာလို့ ရပြီဆိုပြီး  စစ်ကောင်စီက တယ်လီဂရမ်ချန်နယ်တွေကနေ  ဝါဒဖြန့်သတင်းတွေ ဖြန့်‌ဝေနေ ပါတယ်။

မိုးတွင်းတုန်းက ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရိုးကနေ စစ်ကောင်စီက ထောက်ပို့လုပ်ငန်းတွေ ပြုလုပ်ခဲ့ပြီး မိုးကုန်ချိန်မှာ မြစ်ကျဉ်းနေရာတွေပြန်ပေါ်လာတော့မှာဖြစ်လို့ ကြားဖြတ် တိုက်ခိုက်ခံရတာကို ရှောင်ဖို့ ကားလမ်းနဲ့ရထားလမ်းကို ပြန်အသုံးပြုဖို့ စစ်ကောင်စီက ရည်ရွယ်နေတာဖြစ်တယ်လို့  ဒေသခံ PDF ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

မုံရွာ-မြင်းမူလမ်းပိုင်းက PDF ခေါင်းဆောင်တစ်ဦးက "မုံရွာ-မန္တလေးလမ်းပိုင်း အပြည့်အဝ စိုးမိုးတယ်လို့တော့ ပြောလို့မရဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ယာဉ်တန်းတွေ သွားတဲ့အချိန်တွေမှာ၊ အင်အားနဲ့ သွားတဲ့အချိန်တွေမှာ စိုးမိုးနိုင်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ယာယီပါပဲ။ ခု သူတို့မုံရွာ-မန္တလေးတလျှောက်မှာ အကွာအဝေးအရမ်းကြီး မကွာဘူးပေါ့နော်၊ စခန်းတခုနဲ့တခုက အဲ့ဒီလို အထိုင်ချထားတာတွေရှိတယ်။ အဓိကကတော့ လမ်းဘေးမှာဖွင့်ထားတဲ့ ဆီဆိုင်တွေပေါ့။ ဒါတွေကိုအသုံးချပြီးတော့ အထိုင်စခန်းလုပ်ထားတယ်ပေါ့။ တပိုင်းတစအားဖြင့်လည်းမှန်တယ် တပိုင်း တစအားဖြင့်လည်း အကုန် အလုံးစုံ မစိုးမိုးနိုင်ဘူး။ တော်လှန်ရေးဘက်တော်သားတွေရဲ့ လှုပ်ရှားမှုတွေရယ်၊ အထိုင်စခန်းတွေရယ်၊ စစ်ရေးလှုပ်ရှားမှုတွေရယ် ဒါတွေအားလုံးကို ဒေသခံပြည်သူလူထုက မျက်ခြည်မပြတ်ပါဘူး။ သူတို့ စိုးမိုးနိုင်ပြီ ပြောတိုင်းလည်း ပြည်သူလူထုက ဒီလမ်းပိုင်းကို ယုံယုံကြည်ကြည်သုံးမှာ မဟုတ်ဘူး။ သူတို့ဝါဒဖြန့်မှုတွေ စကားလုံးတွေ သူတို့ပြောတဲ့ စကားတွေကို ပြည်သူလူထုကတော့ ယုံကြည်မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းကို အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးစားနေတာကတော့ လတ်တလော အခြေအနေမှန်ဖြစ်ပြီး  ပြည်သူတွေ သွားလာနိုင်တယ်ဆိုပြီး ဝါဒဖြန့်တာကတော့ တကယ်သွားလာမှုတွေ ရှိလာရင် အခြေအနေ ရှုပ်ထွေးသွားနိုင်ကာ PDF တွေဘက်က ကြားဖြတ် တိုက်ခိုက်တာတွေ မလုပ်နိုင်တော့အောင် ရည်ရွယ်တာမျိုးဖြစ်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်က သုံးသပ်ပါတယ်။

ဇီးရိုးပြောက်ကျားတပ်ဖွဲ့  (မြင်းခြံ) ခေါင်းဆောင် ဗိုလ်ဇီးရိုးက “ဒီလမ်းက သူတို့စိုးမိုးလည်း တရက်ပါပဲ။ သူတို့ လာတဲ့အချိန်မှာ ကျနော်တို့ ခဏပေါ့ ဆုတ်ပေးလိုက်တာမျိုး ရှိတယ်။ အမြဲတမ်း လွှမ်းမိုးဖို့ဆိုရင် သူတို့ အမြဲတမ်းချထားရမှာပေါ့ဗျာ။ ဒီလိုလည်းမဖြစ်နိုင်ဘူး ဒီလို လွှမ်းမိုးမယ်ဆိုလည်း ကျနော်တို့ ဆော်ကြမှာပေါ့၊ တော်လှန်ရေးသမားတွေဘက်ကပေါ့။ လတ်တလောကတော့ သူတို့ပြယုဂ်တခုနဲ့ ဆိုက်ဝါးလွှင့်တယ်လို့ပဲ ကျနော် ယူဆပါတယ်။ အမြဲတမ်း စိုးမိုးထားတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဘက်က တက်နေပေမဲ့ သူတို့လာတဲ့အခါ ရှောင်ပေးရတဲ့ အနေအထားမျိုးလေးပေါ့” လို့ ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းကိုလည်း စစ်ကောင်စီက ဇူလိုင်လကုန်ကတည်းက ပြင်ဆင်တာတွေ ပြန်လုပ်နိုင်ဖို့ ကြိုးစားနေပြီး မြို့နယ်အလိုက် လမ်းပိုင်းတခုချင်းစီကို စမ်းသပ်ပြေးဆွဲနိုင်ဖို့ ရည်ရွယ်နေတာပါ။ 

ဝက်လက်မြို့နယ်ထဲက မီးရထားသံလမ်းတလျှောက် ကျေးရွာပေါင်း ၁၄ ရွာကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ကြောင်းဆက်တိုက်ဝင်နေတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

ဝက်လက် PDFတပ်ဖွဲ့မှ ကိုစွန်ရဲက “သံလမ်းပိုင်းအနေအထားကတော့ လုံးဝထိန်းချုပ်နိုင်တဲ့ အနေအထား မရှိသေးပါဘူးဗျ။ သူတို့ ပြင်လာတာဆိုရင် ၄၀ ရာခိုင်နှုန်းလောက်ပဲ ပြုပြင်လို့ရဦးမယ့် အနေအထားပါဗျ။ ဝက်လက်နဲ့ ပဒူအနေအထားပေါ့။ ဆုံးရှုံးမှု အနေအထားကတော့ ဘယ်နည်းမလဲဗျာ။ ကျေးရွာပေါင်း အားလုံး ၁၄ ရွာလောက် ရွာထဲမှာ မနေနိုင်ဘဲနဲ့ ပြေးလွှားနေရတာက ရက်ပေါင်း ၂၀ ကျော်လာပြီ။ ပြည်သူ သုံးသောင်းကျော်လောက်က တောထဲမှာရယ်၊ တခြားလွတ်ကင်းရာပေါ့။ ကိုယ်အသိရှိတဲ့ ရွာတွေမှာ နေတာရယ်ဆိုတော့ နောက်တချက်က သံလမ်းဘေးဝဲယာမှာရှိတဲ့ ဒါ နှမ်းကြဲတဲ့ အချိန်ပေါ့နော်။ ခန့်မှန်းခြေဆိုလို့ရှိရင် ဧကပေါင်း သုံးသောင်းကျော်၊ လေးသောင်းလောက် နှမ်းမကြဲရဘဲနဲ့ လေလွင့်သွားတဲ့ အခြေအနေပေါ့”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မီးရထားလမ်းပိုင်းဟာ မန္တလေးကနေ အောက်မြန်မာပြည်ရန်ကုန်၊ မန္တလေးကနေ အထက်မြန်မာပြည် မြစ်ကြီးနားအထိ ချိတ်ဆက်နေတဲ့လမ်းပိုင်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကို နယ်မြေထိန်းချုပ်ဖို့ဆိုရင် မန္တလေးကနေ စတင်မယ့် စစ်ကောင်စီ ထောက်ပို့ လမ်းကြောင်းဟာ ဝက်လက်၊ စစ်ကိုင်းနဲ့ ရွှေဘိုနယ်ကို မဖြစ်မနေ ဖြတ်နိုင်ဖို့ လိုအပ်တဲ့အတွက် စစ်ကောင်စီက အခုလို အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

မိုးတွင်းကာလမှာ စစ်ကောင်စီ အားပြုခဲ့တဲ့ ချင်းတွင်းနဲ့ ဧရာဝတီ ရေလမ်းကြောင်းလမ်းတွေကိုတော့ ပွင့်လင်းရာသီ ပြန်ဝင်လာချိန်ကစပြီး ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024