Home
ဆောင်းပါး
နီအောင်မေသုရဲ့ စကားနှစ်ခွန်း 
မောင်တူး
·
September 21, 2023

ဘုရင်တပါး၊ ဖြစ်လိုငြားက

ညံ့ အား မရှိ၊ ရှုံးနိမ့်မည့်မျိုး

တော် အောင်ကြိုးစား၊ အောင်ပွဲများမည်

N L D ၏၊ “မင်းလှ”ပြည့်ဆောင်

နီအောင်မေသု ပြောခဲ့သည်။    ။

သူ့ကို နီအောင်မေသုလို့ ဂုဏ်ပြုခေါ်ကြတယ်။ ဦးအောင်မေသုဟာ မင်းလှမြို့နယ် NLD အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တယ်။ သူဟာ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က စစ်အာဏာရှင်ရဲ့ နရသိန် သာယာဝတီထောင်အတွင်းမှာ သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရပါတယ်။ အခု ၂၀၂၃ စက်တင်ဘာ ၁၇ ရက်ဟာ သူကွယ်လွန်တဲ့ ၂၁ နှစ်ပြည့် ဖြစ်ပါတယ်။

ဒီနေ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်သူရဲကောင်း အာဇာနည်တွေ အများအပြား ထွက်ပေါ်လာပါတယ်။ အရင်ကလည်း တိုက်ပွဲဝင် အာဇာနည်ခေါင်းဆောင်တွေ အများအပြား ရှိခဲ့တာပါ။ ဗိုလ်အောင်ကျော်၊ ဗိုလ်အောင်ဆန်းစတဲ့ ခေါင်းဆောင်တွေကို လူသိများပါတယ်။ ဒါပေမဲ့ သခင်ဖေဌေး လိုမျိုး ခေါင်းဆောင်ကိုတော့ နိုင်ငံရေးလေ့လာသူတွေမှ သိကြမှာပါ။ အလားတူ တညတရ အာဇာနည်တွေ၊ ခေါင်းဆောင်တွေလည်း များပြားလှပေါ့။ ဒီထဲမှာ အညတရ အာဇာနည် နီအောင်မေသုလည်း ပါတယ်လေ။

ဒီလို ခေါင်းဆောင်တွေက ပြောခဲ့ကြတဲ့ နှုတ်ထွက်စကားတွေဟာ တန်ဖိုးရှိလှပါ၏။ မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်က NUG ကို မကြိုက်ဘူးလို့ ပြောတယ်ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ခဲ့တယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ခဲ့စဉ်မှာ ပြောခဲ့တယ် ဆိုပြီး မမှန်နိုင်တဲ့စကားကို အာဆီယံအထိ ဝါဒဖြန့်ခဲ့ပေါ့။ မဟုတ်ပါ။ မမှန်ဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို မပြောခဲ့ဘူးနော်။ ဒီနေ့ကျမှ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကြားခဲ့ရသူက ပြန်ပြောပြတာကို ဒီကနေ့ ကျနော်ကိုယ်တိုင် ပြန်ကြားရတာပါ။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူသို့ပြောစကား

ဘယ်တော့မှ လက်မလျှော့နဲ့

ပြန်ပြောပြသူက NLD စီးပွားရေးအကြံပေး  ပါမောက္ခ မစ္စတာရှောင်တာနယ် ဖြစ်ပါတယ်။ သူဟာ နေပြည်တော်ထောင်မှာ ချုပ်နှောင်ခံခဲ့ရပြီး ပြန်လွတ်လာခဲ့သူပေါ့။ သူက ဒီဗွီဘီ အင်တာဗျူးမှာ အခုလို ပြောထားတာပါ။

“ကျနော် နေပြည်တော်မှာ တရားရင်ဆိုင်နေရတဲ့ တနှစ်အတွင်းမှာ အပတ်တိုင်းလိုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံခဲ့ရတယ်။ ကျနော်တို့ တရားရုံးကို ကြာသပတေးနေ့တိုင်းလိုလို သွားရပါတယ်။ မနက်ပိုင်းမှာ နာရီဝက်လောက် စကားပြောဖို့ အချိန်ရတယ်။ သူ့ရဲ့ အနေအထားကတော့ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်ပါတယ်။ ကျနော် မြန်မာပြည်သူတွေကို အားပေးချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တော်လေး စိတ်ဓာတ်ကြံခိုင်တဲ့သူ ဖြစ်ပါတယ်။ ခံနိုင်ရည်လည်း ရှိပါတယ်။ မျှော်လင့်ချက်လည်း ရှိပါတယ်။ သူက အတော်ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်သလို အင်မတန်လည်း ပါးနပ်ပါတယ်။ ကျန်တဲ့လူတွေအများစုရဲ့ စိတ်ဝိညာဉ်ကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါထက်ပိုတာက သူက ဘယ်တော့မှ ညည်းညူတတ်တဲ့သူ မဟုတ်ပါဘူး။ သူနဲ့တွေ့တဲ့ အခါတိုင်း သူနေရထိုင်ရတဲ့ အနေအထား၊ သူ့ရဲ့ အခန်းကျဉ်းကလေးနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရာ တခုခုနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် ညည်းညူသံ တခါမှ ကျနော် မကြားခဲ့ရပါဘူး။ သူက ကျနော်တို့စိတ်ဓာတ်ကို အမြဲ မြှင့်တင်ပေးပါတယ်။ ကျနော်ဟာ သူနဲ့ နောက်ဆုံး စကားပြောခွင့်ရတဲ့သူတွေထဲက တယောက်ပါ။ အခုအချိန်ကနေ ပြန်တွက်ကြည့်ရင် ကျနော်နဲ့သူ စကားပြောခဲ့တာ ပြီးခဲ့တဲ့ တနှစ်လောက်ကပါ။ ကျနော်တို့ရဲ့ နောက်ဆုံး တရားခွင်မှာ ဆုံခဲ့ရတာပါ။ အဲဒီနေ့ကလည်း ကျနော်တို့ကို သူက စိတ်ခွန်အားဖြစ်စေမယ့် စကားတခွန်း ပြောခဲ့ပါတယ်။ အဲဒါက ‘ဘယ်တော့မှလက်မလျှော့နဲ့’ ဆိုတဲ့စကားပါ။ ပြီးတော့ ကျနော့်ကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။”

“ကျနော်ပြောခဲ့ပြီးသား စကားကိုပဲ ထပ်ပြောပါရစေ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်အရရော၊ ပညာအရရော၊ ကိုယ်ကျင့်တရားအရရော ဘယ်တော့ ပြိုလဲပြီး ပျက်စီးသွားမယ့်သူမျိုး မဟုတ်ဘူးဆိုတာပါပဲ။”

ရှစ်စက္ကန့်ငြိမ်စာအုပ်မှ နီအောင်မေသုအကြောင်း

နီအောင်မေသု မင်းလှမြို့နယ် NLD ဥက္ကဋ္ဌကို စစ်အစိုးရက ဖမ်းပုံ၊ သူ သေဆုံး ကျဆုံးသွားရပုံတွေကို AAPP ရဲ့ ၈ စက္ကန့်ငြိမ်စာအုပ်မှာ အခုလို ရေးထားခဲ့တယ်။

(ဦးအောင်မေသု)

အုတ်ဖိုမြို့၊ သာယာဝတီခရိုင်၊ ပဲခူးတိုင်းတွင် ၂၅၊ ၁၂၊ ၁၉၄၁ နေ့တွင် မွေးဖွားသည်။ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ဖမ်းဆီးခံရသည်။ ၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၇ နံနက် ၄ နာရီ သူ့အသက် ၆၆ နှစ်တွင် ကွယ်လွန်သည်။ 

နိုင်ငံရေးနောက်ခံ

မူလတန်းမှစဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၀-၆၂ တွင် သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ) ညီလာခံကိုယ်စားလှယ် အုတ်ဖိုမြို့နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ၆ ခရိုင် (ရန်ကုန်၊ အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊ ဟံသာဝတီ၊ မအူပင်) ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး မင်းလှမှ ရန်ကုန် ကန်တော်မင်ပန်းခြံသို့ ချီတက်ခဲ့သည်။ ထိုစဉ်က အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြီးနောက် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်တက္ကသိုလ်တွင် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် အကျဉ်းချခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်တွင် ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရသည်။ ကျွန်းစနစ်ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲ၌ ပါဝင်ခဲ့ပြီး တိုက်ပွဲအောင်မြင်သဖြင့် ပြည်မသို့ ပြန်ပို့ခံရသည်။ ၁၉၇၂ ခု ဧပြီ ၁၂ တွင် အင်းစိန်ထောင်မှ ပြန်လွတ်သည်။ ၁၉၇၆ ခုနှစ် ဩဂုတ်တွင် ဒုတိယအကြိမ် ခေတ္တ ထိန်းသိမ်းခံရသည်။ ၁၉၈၄ ခု ဧပြီလ ၆ ရက်တွင် တတိယအကြိမ် ထပ်မံထိန်းသိမ်းခံရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် မင်းလှမြို့နယ် အထွေထွေသပိတ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ ၁၉၈၈ အောက်တိုဘာလ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ပြီး မင်းလှမြို့နယ် စည်းကော်မတီဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၈၉ ဩဂုတ် ၂၄ တွင် အဖမ်းခံရပြီး နိုဝင်ဘာ ၆ တွင် အင်းစိန်ထောင်၊ အထူးစစ်ခုံရုံး အမှတ် ၅ က ဦးအောင်မေသုအား ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၅ ညဖြင့် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။ ၁၉၉၁ နိုဝင်ဘာ ၁၈ တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းသည်။ ၁၉၉၅ နိုဝင်ဘာ ၅ ရက်နေ့တွင် ဦးအောင်မေသု ထောင်သက် ၁၀ နှစ် ပြည့်သော်လည်း ပုဒ်မ ၁၀(က) ဖြင့် သာယာဝတီထောင်တွင် ဆက်လက် အကျဉ်းချခြင်း ခံခဲ့ရသည်။

သေဆုံးပုံ

၂၀၀၂ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် အပြင်းအထန်ဖျားပြီး ထောင်ဆေးရုံ၊ သာယာဝတီမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ၂ ရက်အကြာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

မှတ်ချက်။ ။ ဦးအောင်မေသုသည် သူ၏ ဘဝတလျှောက်လုံး တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း ၄ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရပြီး ထောင်များထဲတွင် ၂၅ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။

ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ နီအောင်မေသု

နီအောင်မေသု ကျဆုံးခြင်း ၁၁ နှစ်မြောက် အမှတ်တရစာအုပ်မှာ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်က “ဒီလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်ညှဉ်းပန်းခံရပြီး ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့ရဲ့ ကျဆုံးခြင်းအထိမ်းအမှတ်ပွဲတွေဟာ စစ်အာဏာရှင်တွေအတွက် သူတို့ပြုလုပ် ကျူးလွန်ခဲ့တဲ့ ရက်စက်ရိုင်းပြတဲ့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု ပေါ်လစီတွေကို အရိုးတွန်တဲ့ ပွဲအနေနဲ့ စဉ်ဆက်မပြတ် ဖော်ထုတ်နေဖို့ လိုတယ်။” လို့ ပြောခဲ့ပါတယ်။

အခုလို ဦးဝင်းတင်ရဲ့ စာစုကလေးကပဲ နီအောင်မေသုအကြောင်းကို သူကွယ်လွန်ခြင်း ၂၁ နှစ်မြောက်အပြီး ၃ ရက် နောက်ကျလို့မှ ရေးဖြစ်ခဲ့တာပါ။ ရေးရမှာပေါ့ အာဇာနည်တွေပဲလေ။ ဦးဝင်းတင်အကြောင်းလည်း ရေးဦးမယ်။ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် အကြောင်းလည်း ရေးရမယ်။ ဦးခင်မောင်မြင့်က လင်လိုချင်ပါကြောင်း သနပ်ခါး မိတ်ကပ်လေးလူး အင်္ကျီ ထဘီ အသစ်လေးတွေဝတ်ပြီး လမ်းမမှာ လျှောက်ပြနေမှ လင်ရမှာပေါ့ဟဲ့လို့ ဆိုသလို ဒီမိုကရေစီလိုချင်တဲ့ ပြည်သူလူထုတွေလည်း လင်လိုချင်လို့ အပျိုကြီး လမ်းပေါ်ထွက်ပြမှ ဒီမိုကရေစီ ရတော့မပေါ့လို့ ပြောခဲ့တာ မဟုတ်လား။ ဦးခင်မောင်မြင့်၊ ဦးစိန်ဝင်း၊ ဦးတင်မောင်ဝင်း၊ မောင်သော်က၊ မောင်မိုးသူ စတဲ့ စတဲ့ သူတွေရဲ့ အကြောင်းတွေလည်း ရေးရမယ်။ အခုရက်ပိုင်း နီအောင်မေသု ၂၁ နှစ်ပြည့်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတွေမှာ ရေးတင်ကြသူတွေကိုလည်း ကျေးဇူးကမ္ဘာပါ။ အဲ့ဒါတွေတွေ့ပြီး ဒီဟာကို ရေးဖြစ်တာမို့ပါနော်။

နီအောင်မေသုရဲ့ စကားနှစ်ခွန်း

ဒေါ်အောင်ဆန်းစုကြည်စကား ခွန်အားဖြစ်စေသလို NLD ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ မင်းလှမြို့နယ် ဥက္ကဋ္ဌ ကွယ်လွန်သူ အာဇာနီ နီအောင်မေသုရဲ့ ပြောကြားချက်တွေကလည်း မှတ်သားစရာပါ။ ဦးအောင်မေသု ကျဆုံးတဲ့ ၁၇ စက်တင်ဘာ ၂၀၀၂ ရဲ့ ၂၁ နှစ် နှစ်ပတ်လည်နေ့မှာ သူ့အမှာစကားလေး ၂ ခုကို တင်ပြပါမယ်။ စကားတခွန်းကတော့…

“ဒီမှာ ကျနော်ပြောမယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့ လုပ်ရတာပဲ။ တနည်းပြောရင် အာဏာလိုချင်လို့ဗျာ။ အာဏာလိုချင်တယ် ဆိုတာကလည်း ပဒေသရာဇ်တွေ စကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ။ တခုပဲရှိတယ်။ ရှင်ဘုရင်လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူး။ ညံ့တဲ့ကောင်လည်း ဘယ်တော့မှ ရှင်ဘုရင် မဖြစ်ဘူး။’’

အာဇာနည် နီအောင်မေသုရဲ့ ဒီစကားလေးကို စဉ်းစားကြပါ။ ကျနော်တို့ ညံ့လို့မဖြစ်ဘူးနော်။ အထူးသဖြင့် တော်လှန်ရေးအဆက်ဆက် ကျနော်တို့ ညံ့ခဲ့ကြလို့ ဒီနေ့ ကျနော်တို့ရဲ့ သားသမီး မြေးမြစ် GZ ကလေးတွေ ပေးဆပ်တော်လှန်နေကြရဆဲ ဖြစ်တာပါ။ ဒီနေ့ နွေဦးတော်လှန်ရေးမှာလည်း မင်းတို့ ပြည်သူလူထုအားလုံး ညံ့လို့မဖြစ်ဘူးလို့ တမလွန်ကနေ နီအောင်မေသုက ပြောနေသလိုလို။

သူပြောခဲ့တဲ့ နောက်စကားကတော့ . . .

“ကျုပ်တသက်လုံး နိုင်ငံရေးလုပ်မယ်။ ထောင်ကလွတ်သွားလည်း လုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလို့ မလွှတ်ဘူးဆိုရင် တသက်လုံး ထောင်ထဲမှာထား။ နေမယ်။ မှတ်ထား၊ ရန်သူက ဆန့်ကျင်တာမှန်သမျှ ကျနော်တို့ ထောက်ခံရမယ်။ ရန်သူက ထောက်ခံတာမှန်သမျှ ကျနော်တို့ ဆန့်ကျင်ရမယ်။”

ဒီစကားနှစ်ခွန်းကို ဆင်ခြင်ရင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက် ကျရောက်ခဲ့တဲ့ နီအောင်မေသု ကျဆုံးတဲ့ ၂၁ နှစ်မြောက်မှာ သူ့ကို သတိရ အောက်မေ့ ဂုဏ်ပြုကြရင်း သူ့နှုတ်စကား ၂ ချက်ကိုလည်း စဉ်းစား ဆင်ခြင် သုံးသပ်ပြီး နွေဦးတော်လှန်ရေးကြီးကို ရောက်ရာဒေသ ကျရာနေရာကနေ မညံ့တန်း ဆင်နွှဲသွားကြပါစို့လားခင်ဗျာ။     ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024