ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ကောင်ရာရပ်ကွက် ခန်းမဆောင်အတွင်း စခန်းချထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ စက်တင်ဘာ ၂၀ ရက် မနက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်အင်အား ၆၀ ခန့် တပ်စွဲနေထိုင်တဲ့ ခန်းမဆောင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့က ဒရုန်းနဲ့ ဗုံးနှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူ့စစ်အဖွဲ့တွေက ပြီးခဲ့တဲ့ လလယ်လောက်ကတည်းက ခန်းမဆောင်မှာ စခန်းချပြီး စစ်ဆေးရေးဂိတ် ဖွင့်ထားတာ။ အဲရှေ့က ဖြတ်သွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေတောင်းတာတွေ လုပ်တယ်။ မနက် ၁၁ နာရီလောက်က ဒရုန်းနဲ့ ဗုံးနှစ်ကြိမ် အကြဲခံရတယ်။ ထိခိုက်သေဆုံးတာတော့ ရှိ၊ မရှိ မသိရဘူး။ ဗုံး အသံကတော့ အတော်ကျယ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့က လူနေရပ်ကွက်အတွင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်စခန်းအတွင်းကလည်း လက်နက်ကြီးနဲ့ ရမ်သန်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကာမိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA/PDF တို့ စစ်ရေးတင်းမာနေသလို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာလည်း လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေး တင်းကျပ်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၀ ရက်က စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းလာတဲ့ ကားတစီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ယာဉ်မောင်း ကိုမိုက်မိုက် သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့အဝင် ပန်းတင်တံတား ကင်းစခန်းကိုလည်း စက်တင်ဘာ ၂၀ မွန်းတည့် ၁၂ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ နေထိုင်တဲ့ ကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
"နေ့လယ် ၁၂ နာရီလောက်က ပန်းတင်ကင်းစခန်းကို လာပစ်သွားတာ။ ဂိတ်ထဲကလည်း ပြန်ပစ်တယ်။ နှစ်ဘက် ပစ်ခတ်မှု ဖြစ်တာကတော့ သိပ်မကြာဘူး။ စခန်းရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကတော့ သေတယ်။ စခန်းအတွင်းထဲကလည်း ဘယ်နှယောက် ထိခိုက်သေဆုံးတယ်ဆိုတာတော့ သေချာမသိရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
မှော်ဝမ်းရပ်ကွက် ပန်းတင်ကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖားကန့်မြို့ အဝင်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် KPDF တို့က ပန်းတင်ကင်းစခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။