ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်အနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား စက်တင်ဘာ ၁၇ ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၂၀ ရက်အထိ တိုက်ပွဲပြင်းထန်နေကာ ဒေသခံ ပြည်သူ ၅၉၀ ကျော် စစ်ဘေးရှောင်နေရပြီး စစ်ဘေးဒုက္ခသည်တွေ သောက်ရေနဲ့ ဆေးဝါး အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်တွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။
နမ့်ဖတ်ကာ ဒေသခံတဦးက “ဒီနေ့ လက်နက်ကြီး အရမ်းပစ်နေတယ်။ ဒီကနေလည်း တော်တော်ပစ်နေတယ်။ ဒီနေ့တော့ ဘတ်နွယ်ဘက်ထင်တယ်” လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲကြောင့် အမျိုးသမီးတဦး ကျည်စထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိကာ တိုက်ပွဲဖြစ်ပွားရာ အနီးနားရွာထဲမှာ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးတာရှိပြီး စစ်မြေပြင်အနီးက ရွာခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိန်းလုံနဲ့ ကျန်းဆာရွာ အထက် လွိုင်ဆုတောင်းပြည့် တောင်ထိပ်နားက စစ်ကောင်စီနဲ့ TNLA တိုက်ပွဲကြောင့် ရွာထဲက နေအိမ်တလုံးပေါ် လက်နက်ကြီးကျကွဲ ထိမှန်ပြီး ပျက်စီးသွားတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
လက်ရှိ စာရင်းကောက်ထားသလောက် နမ့်စန်မှာ အိမ်ထောင်စု ၁၃၄၊ လူဦးရေ ၃၄၆ ဦး၊ မန်ကန်ဘုန်းကြီးကျောင်းမှာ အိမ်ခြေ ၈၄၊ လူဦးရေ ၁၇၃၊ မူဆယ် ခရစ်ယာန်ရပ်ကွက် ဧမာနွေလ ဘုရားကျောင်းမှာ မိသားစု ၇ စု၊ လူဦးရေ ၂၅ ဦးရှိပြီး မူဆယ် ရှမ်းဘုရားကျောင်းမှာ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၄၁ ဦး၊ စစ်ရှောင်စခန်းမှာ မနေတာ မိသားစု ၂ စု၊ လူဦးရေ ၆ ဦး၊ နမ့်ခမ်းမှာ မိသားစု ၁ စု ရှိပြီး စုစုပေါင်း လူဦးရေ ၅၉၀ ကျော် ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိ အမျိုးသမီးက ပြောပါတယ်။
တခြားနေရာ နမ့်ခမ်းဘက်က ကောင်းတပ်ဘက် ရှောင်တိမ်းသူတွေနဲ့ စယ်လန့် တရုတ်ရွာက ရှောင်တိမ်းသူတွေရဲ့ စာရင်းတော့ မသိရကြောင်း၊ စာရင်းရထားသလောက် နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်၊ ဆိုင်းခေါင်၊ စယ်လန့် ရွာတွေဘက်က ရှောင်တိမ်းလာတာလို့ သူကပြောပါတယ်။
လက်ရှိ တုန်ခွမ်ရွာက နမ့်စန့် ဂိုဒေါင် လူငယ်ဇရပ်မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေက အရေးပေါ် သောက်ရေအခက်အခဲ ဖြစ်နေကြောင်း အကူအညီပေးနေတဲ့ ပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ရေဗျ။ သူတို့ အဓိက သောက်ရေလိုတယ်။ ဆန်ကတော့ ရပြီ။ ဒါပေမဲ့ ဟင်းချက်စရာ ဘာညာကျတော့ ကျနော်တို့ ငွေလိုတာပေါ့။ မိုးကာကတော့ ကျနော်တို့သွားပြီး အလှူခံပြီး ဝယ်ပေးလိုက်တယ်။ အဲဆိုတော့ အခင်းလေးတွေ လိုမယ်ပေါ့။ လိုတာပြောရင်တော့ အဲဒါပါပဲ။ နောက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးလေးတွေပေါ့။”
မိုးကုတ် ညောင်ကုန်းရွာ၊ ကုန်းစံရွာ၊ ဖြူရောင်ရွာတွေအနီး၊ မူဆယ် ဆိုင်းခေါင်ရွာအနီးနဲ့ ကွတ်ခိုင် ခိုမုန်းရွာအနီးတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ စက်တင်ဘာ ၁၉ ရက် တရက်တည်း တိုက်ပွဲ ၇ နေရာ ဖြစ်ပွားခဲ့ပြီး TNLA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း၊ မိုးကုတ်နဲ့ မူဆယ်ဘက်က တိုက်ပွဲဖြစ်ရာ နေရာအနီးက ဒေသခံ ၇၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက စက်တင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့အကြား ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ တိုက်ပွဲပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အဲဒီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။