မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့မှာ စက်တင်ဘာ ၁၉ ရက် မနေ့ညနေက ရဲစခန်းနဲ့ ဌာဆိုင်ရာရုံးတွေ စီးနင်းတိုက်ခိုက်ခံရပြီး လူ ၇ ယောက်ထက်မနည်း သေဆုံးကာ စစ်ကောင်စီဘက်က= လေကြောင်းပစ်ကူပေးခဲ့တယ်လို့ အနောက်လွင်ပြင် LPDF ကနေ သိရပါတယ်။
ကမ္မမြို့က ရဲစခန်း၊ ထွေအုပ်ရုံး၊ မီတာရုံး၊ ကြံ့ခိုင်ရေးရုံးနဲ့ ဝါဒိုင်တွေကို မနေ့ ညနေ ၃ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့တာလို့ အနောက်လွင်ပြင် LPDF ရဲ့တာဝန်ခံ ရဲဘော်တေဇက ဒီဗွီဘီ ကို ပြောပါတယ်။
၁ နာရီကျော်လောက်ကြာအောင် စီနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းထဲက စစ်ကောင်စီတပ်သားနဲ့ ရဲ ၇ ယောက်သေဆုံးခဲ့ပြီး တခြားနေရာတွေကလည်း ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဆိုပါတယ်။
ရဲစခန်းကို သိမ်းပိုက်နိုင်အောင် ကြိုးစားခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေမှာ ကျည်နည်းပါးပြီး တပ်မ ၁၀၁ က တပ်ကူလိုက်လာသလို မုံရွာ နမခ က Mi35 ရဟတ်ယာဥ်နဲ့ လေကြောင်းပစ်ကူပေးခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ၄၀ မမ နဲ့ပစ်ခတ်တာကြောင့် ပြည်သူတယောက်ရှပ်ထိပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ကံကြီးတောကျေးရွာကို ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို N-YSO ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ မောင်းသူမဲ့လေယာဥ်ငယ်တွေနဲ့ ဗုံးချတိုက်ခိုက်ခဲလို့ အမြောက်အမြား ထိခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ N-YSO ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကံကြီးတောကျေးရွာကို ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို Fixed Wing ဒရုန်း မောင်းသူမဲ့လေယာဥ်ငယ်တွေနဲ့ မနက် ၁၁ နာရီလောက်ကစပြီး ညနေ ၅ နာရီလောက်ထိ ဗုံး ၁၂ လုံးချ တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက်များပြီး မြိုင်မြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်။”
စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကံကြီးတောအနောက်ရွာက နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဒဏ်ရာရ စစ်သားတွေကို မြိုင်ဆေးရုံမှာ ဆေးကုပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေ၊ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပခုက္ကူခရိုင် တပ်ရင်း-၆၊ ပခုက္ကူခရိုင် တပ်ရင်း-၁၄၊ ခွဲ-၃ Phoenix ပြောက်ကျားတပ်ဖွဲ့၊ N-YSO ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။