Home
ဆောင်းပါး
မြောက်ကိုရီးယား အာဏာရှင်ရဲ့ သံချပ်ကာ ရထား 
DVB
·
September 19, 2023

မြောက်ကိုရီးယားအာဏာရှင် ကင်မ်ဂျုံအန်းရဲ့ ဒီတခေါက် သမ္မတပူတင်နဲ့တွေ့ဆုံဖို့သွားတဲ့ မီးရထားခရီးစဉ်က ပြုံယမ်းကနေ  ရုရှားအရှေ့ဖျား ဗလာဒီဗော့စတော့ခ်အထိ မိုင်ပေါင်း ၄၀၀ နီးပါးသွားခဲ့တဲ့  နာရီ  ၂၀ ကျော်ကြာတဲ့ ၄ နှစ်အတွင်း သူ့ရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။​

၂၀၁၉ ခုနှစ်တုန်းကလည်း ကင်မ်ဂျုံအန်းဟာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဖို့ ရထားနဲ့ပဲ ရုရှားကို သွားခဲ့ဖူးပြီး  မီးရထား သံခင်းတမန်ခင်းခရီးလို့  မီဒီယာတွေက နာမည်တပ်ခဲ့ပါတယ်။​

ကင်မ်ဂျုံအန်း စီးနင်းလိုက်ပါခဲ့တဲ့ ရထားရဲ့အပြင်မှာ ကျည်ကာသံချပ်အမာခံသတ္တု အစိမ်းပုတ်ရောင်နံရံနဲ့ အဝါရောင်လိုင်း စတီးချောင်း အကာအကွယ်နဲ့ဖြစ်ပေမဲ့ အတွင်းမှာတော့ အဆင့်မြင့်ဇိမ်ခံဟိုတယ်ရထားပဲဖြစ်ပါတယ်။

ရထားမှာ စက်သေနတ်တွေ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေနဲ့ အရေးပေါ်ထွက်ခွာနိုင်ဖို့အတွက် ရဟတ်ယာဉ်ပါ တင်ဆောင်ထားပါတယ်။

ဂြိုဟ်တုဆက်သွယ်ရေးဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားလို့ ရထားနဲ့သွားနေရင်း မြောက်ကိုရီးယား တနိုင်ငံလုံးကို အုပ်ချုပ်အမိန့်ပေးနိုင်၊ အစီရင်ခံစာတွေ၊ အီးမေးလ်တွေ၊ ဖက်စ် သတင်းပေးပို့ချက်တွေ ဖတ်နိုင်ပါတယ်။ 

ဒါ့အပြင် နားနေခန်း အိပ်ဆောင် ဧည့်သည်လက်ခံတွေ့ဆုံခန်း၊ ကာရာအိုကေခန်း၊ ဆေးကုခန်း စားသောက်ခန်း၊ ရုံးခန်းအစည်းအဝေးခန်း ရထားတွဲတွေပါဝင်သလို မြောက်ကိုရီးယားရဲ့ အချောအလှဆုံး မိန်းမပျိုတွေက ရထားမယ်အနေနဲ့ ဧည့်ခံပြုစုရပါတယ်။

ကင်မ်ဂျုံအန်းရဲ့ အဖိုး ကင်မ်အီဆွန်း လက်ထက်မှာ ဆိုဗီယက်ခေါင်းဆောင် စတာလင်က အထူးရထားတွဲ လက်ဆောင်ပေးခဲ့ဖူး။ သူ့အဖေ ကင်မ်ဂျုံအီ လက်ထက်မှာလည်း ဆွေစဉ်မျိုးဆက်ရဲ့ အစဉ်အလာ မီးရထားစီး ခရီးနှင်လေ့ရှိကြတာပါ။

မြောက်ကိုရီးယားအစိုးရ ဝါဒဖြန့်ရုပ်သံမှာ အာဏာရှင်ရဲ့ ရထားခရီးစဉ်တွေ ထုတ်လွှင့်လေ့ရှိပါတယ်။ သူ့အဖေ ကင်မ်ဂျုံအီက လေယာဉ်ပျံကြောက်တတ်သူဖြစ်ပြီး ရန်သူတယောက်ယောက်က သူ့လေယာဉ်ကို ပစ်ချခံရမှာ စိုးရိမ်တယ်လို့ လူသိများတယ်။ သူ့အဖေ ကင်မ်ဂျုံအီ ဆိုရင် ၂၀၀၁ မှာ ပြုံယမ်း-မော်စကို ကီလို ၂၀,၀၀၀ လောက် အသွားအပြန်ခရီးကို ၂၁ ရက်ကြာအောင် ရထားစီးသွားခဲ့ဖူးတယ်။

လက်ရှိအာဏာရှင် ကင်မ်ဂျုံအန်းက ရုရှားလုပ် ဂျက်လေယာဉ်နဲ့လည်း ပြည်ပခရီးသွားတတ်ပေမဲ့ မျိုးဆက် ၃ ဆက် အာဏာရှင် မိသားစုအစဉ်အလာအတိုင်း ရထားစီး ခရီးသွားရတာ နှစ်သက်တယ်လို့ လူသိများ။​ ကင်မ်ဂျုံအန်းအတွက် ပြုံယမ်းစက်ရုံက ဆင်တူရထားတွဲပေါင်းများစွာ အထူးထုတ်လုပ်ပေးထားတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားကို ကျည်ကာရထားနဲ့ ဘာကြောင့် ခရီးထွက်ရတယ် ဆိုတာကို မြောက်ကိုရီးယား အရာရှိဟောင်းက ရှင်းပြပါတယ်။

နည်းနည်းနှေးပေမဲ့ သယ်ယူပို့ဆောင်ရေးရဲ့ အထူးပြုတည်ဆောက်ထားတဲ့ မီးရထားစနစ်ဟာ ဘက်ပေါင်းစုံ ပိတ်ဆို့ထားတဲ့ တိုင်းပြည်က ခေါင်းဆောင်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ ခရီးသွားလာရေးနည်းလမ်း ဖြစ်ပါတယ်။

သူ့ပြည်တွင်းက သက်တန်းလွန် လေယာဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျည်ဆန်ကာ ရထားတွေက ပိုပြီး လုံခြုံမှုရှိသလို သက်တောင့်သက်သာလည်း ဖြစ်စေပါတယ်။

တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာန အထူးအကြံပေးပုဂ္ဂိုလ် ကိုယန်းဟွမ်က “ရထားနဲ့သွားနေရင်း သူက တနိုင်ငံလုံး ဘယ်နေရာကိုမဆို အမိန့်ပေးနိုင်တယ်။ ဖက်စ်တွေ အီးမေးတွေ လက်ခံနိုင်တယ်။ အစီရင်ခံစာ အကုန်လုံးကို ကြည့်နေလို့ရတယ်။ ရထားပေါ်မှာ ဆက်သွယ်ရေးလုပ်ငန်း အကုန်လုပ်လို့ရတယ်။ ဒါကြောင့် ကင်မ်ဂျုံအန်းအတွက် ရထားနဲ့ခရီးသွားရတာက သူ့အိမ်မှာ သူနေနေရသလို သက်သောသက်သာရှိပြီး အဆင်ပြေတယ်” လို့  ပြောပါတယ်။

နောက်လိုက်နောက်ပါ အခြွေအရံတွေ အများကြီးနဲ့ လုံခြုံရေးအစောင့်တွေ လိုက်ပါနိုင်သလို အစားအသောက်၊ ဖျော်ဖြေရေးနဲ့ အားကစားလုပ်လို့ ရတာတွေလည်း ပါတယ်။ အစည်းအဝေးမစခင် ကြိုတင်ဆွေးနွေးညှိနှိုင်းတဲ့ ခန်းမလည်း ပါတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်အီဆွန်း စီးနင်းလိုက်ပါတဲ့ ရထားမှာ တာဝန်ကျဖူးတဲ့ အရာရှိဟောင်း ကိုယန်းဟွမ်က ပြောပြပါတယ်။

“သူစီးတဲ့ရထားမှာ အိပ်ခန်း၊ အစည်းအဝေးခန်းမ၊ ဧည့်ခံခန်းမ၊ ထမင်းစားခန်း၊ ရေချိုးခန်းနဲ့ တခြား လုပ်လို့ကိုင်လို့ အဆင်ပြေတဲ့ အသုံးအဆောင်တွေပါတယ်။ အနည်းဆုံးတော့ ဒီရထားက ကင်မ်ဂျုံအန်း တယောက်တည်း အသုံးပြုတဲ့နေရာ ဖြစ်ပါတယ်။ အစည်းအဝေးခန်းမကလွဲပြီး တခြားအခန်းတွေကို သူကလွဲပြီး တခြားလူ ဝင်လို့မရဘူး။”

၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ခေါင်းဆောင်ဖြစ်လာပြီးကတည်းက မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်းဟာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ရထားနဲ့ သွားရောက်လည်ပတ်ခဲ့ပြီး ၂၀၁၉ တုန်းကလည်း သမ္မတပူတင်နဲ့ တွေ့ဆုံတဲ့ သူ့ရဲ့ရုရှားခရီးစဉ်ကလည်း ရထားနဲ့ပဲ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုယန်းဟွမ်က “ရထားတွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေစီးတဲ့ တွဲတွေပါတယ်။ ဆွေးနွေးပွဲမှာပါမယ့် မြောက်ကိုရီးယား အကြီးတန်းအရာရှိတွေ စီးတဲ့တွဲပါတယ်။ ကင်မ်ဂျုံအန်းစီးတဲ့ ကားနှစ်စီးတင်ထားတဲ့ တွဲပါတယ်။ အရင်တုန်းကတော့ ကင်မ်ဂျုံအီခေတ်အထိက လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ လေယာဉ်ပစ်သေနတ် နှစ်လက်ပါတယ်။ မကြာသေးခင်က ကင်မ်ဂျုံအန်းစီးတဲ့ ရထားမှာ လေယာဉ်ပစ်ဒုံးကျည်တွေ တပ်ထားတယ်လို့ သတင်းကြားရတယ်” လို့ ပြောပါတယ်။

ကင်မ်ဂျုံအန်းရဲ့ အဘိုးဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ခေါင်းဆောင် ကင်မ်အီဆွန်းဟာ ၁၉၉၄ ခုနှစ် သူသေဆုံးတဲ့အချိန်အထိ သူ့အုပ်ချုပ်မှု ကာလတလျှောက်လုံး နိုင်ငံခြားခရီးစဉ်တွေမှာ ရထားနဲ့ပဲ သွားလာခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာန အထူးအကြံပေးပုဂ္ဂိုလ် ကိုယန်းဟွမ်က “မြောက်ကိုရီးယားမှာ လမ်းအများစုဟာ အခြေအနေမကောင်းပါဘူး။ ဖုန်လမ်းတွေများပြီး မိုးရွာရင် လမ်းတွေက သိပ်မကောင်းတော့ဘူး။ ဒါကြောင့် ရထားလမ်းကွန်ရက်က ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နေတာကြောင့် ရထားစီးရတာကို ဦးစားပေးကြတာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။

ကင်မ်ဂျုံအန်းရဲ့ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီဟာလည်း ရုရှားကိုသွားရောက်တဲ့ ခရီးသုံးကြိမ်စလုံးမှာ ရထားနဲ့ပဲ သွားခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ် မော်စကိုခရီးစဉ်က အသွားအပြန် ကီလိုမီတာ ၂၀,၀၀၀ ခရီးကို ရထားစီးပြီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ရထားစီးပြီး ခရီးသွားနေရင်း နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက သမ္မတ ကင်မ်ဂျုံအီ စီးနင်းခဲ့တဲ့ ရထားတွဲကို သူ့ရဲ့ဂူဗိမာန်မှာ ပြသထားပါတယ်။

သာမန်ပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့အတွက် နိုင်ငံတဝန်းကို ခရီးရှည်ရထားစီးပြီး သွားလာတာဟာ အာဏာရ ကင်မ်မိသားစု အဆက်ဆက်ရဲ့ လူထုစည်းရုံးရေးနဲ့ ဝါဒဖြန့်ချိရေးမှာ အဓိကနေရာက ပါဝင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024