ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့နဲ့ ကပ်လျက် ဝိန်းနန်းရွာနားမှာ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီကျော်လောက် စစ်ကောင်စီတပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ် PDF တပ်ဖွဲ့ဝင်တဦးက “ဝိန်းနန်းဘက်က စကစတွေ တက်လာလို့ အဲဒီမှာ တိုက်ပွဲဖြစ်တာ။ စွမ်စော်ဘက်ကတက်တဲ့လမ်း” လို့ ပြောပါတယ်။
မူဆယ်၊ မန့်ဝိန်း၊ စွမ်စော်၊ ခိုးဝိန်း၊ ဝိန်းနန်းရွာအနီးတဝိုက် မနက်အစောပိုင်းကစ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စွမ်စော်ဘက်က ဝိန်းနန်းလေ။ ကပ်လျက် ဟုတ်တယ်။ အေးပေါ့ စွမ်စော်၊ ဝိန်းနန်း၊ ခိုဝိန်း။ နီးတယ်လေ ဟိုဘက် ဒီဘက် ဆက်နေတာ။ နမ့်ခမ်းကနေလာရင် ညာဘက်ပေါ့။”
ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ ဇယ်လန့်ရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အနီးနားက ရွာသားထောင်ချီ တိုက်ပွဲလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပလောင်ကုန်းစံကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ရှောင်တွေသွားမယ့် ပန်းမထိပ်လမ်းကို စစ်တပ်က အသွားအလာ ခွင့်မပြုဘဲ ပိတ်ထားတာကြောင့် စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မိုးကုတ်-မိုင်းလုံလမ်းမှာရှိတဲ့ ပန်းမထိပ်ရွာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ပြည်သူတွေကို ဖြတ်သန်းသွားလာခွင့်မပြုတာ တနှစ်ကျော်ကြာပြီဖြစ်တဲ့အပြင် အခုတိုက်ပွဲ ဖြစ်ပွားနေချိန်မှာလည်း ဖြတ်သန်းခွင့် မပြုတာကြောင့် မိုးကုတ်မြို့ထဲ မလာနိုင်သူတွေက တောထဲမှာ စစ်ရှောင်နေရတာ ဖြစ်တယ်လို့ စစ်ရှောင်ဒေသခံတဦးက ဆိုပါတယ်။
“မြို့ထဲ သွားနိုင်သူကတော့ သွားကြတယ်။ တောလမ်းကနေ သွားရတာ၊ မြို့ပေါ်လမ်းက ပေးမသွားတော့ မသွားနိုင်ကြတဲ့သူတွေက တောဘက်ထဲ ရှောင်နေရတယ်။ တိုက်ပွဲကလည်း တပတ်ကျော်ပြီဆိုတော့ ပါလာတာတွေကုန်ပြီ။”
စားနပ်ရိက္ခာမရှိတာကြောင့် မြို့ပေါ်ကို အရဲစွန့်လာတဲ့ ရွာသားတွေကို စစ်တပ်က ဖမ်းဆီးထားပြီး တဦးကို ငွေကျပ် ၄ သိန်းတောင်းကာ ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ရှောင်ဒေသခံတဦးက“ထောက်ခံစာပါတယ်ဆိုရင်တောင် ဖမ်းထားတယ်။ အရမ်းရစ်တယ်၊ PDF တွေအတွက် ရိက္ခာဝယ်ပေးတယ်လို့ ထင်ကြတာ။ ရွာမှာ ဘယ်သူမှမရှိတော့ အရဲစွန့် ထွက်လာရတာပဲ။ မဟုတ်ရင် ငတ်ကြတော့မယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ TNLA နဲ့ မိုးကုတ်အခြေပြု တပ်ရင်းတွေ ပူးပေါင်းပြီး မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် စက်တင်ဘာ ၁၀ ရက်ကစတင်ပြီး ပလောင်ကုန်းစံရွာဘက်မှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ပလောင်ကုန်းစံရွာ၊ ဖြူရောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာနဲ့ လွယ်ငင်းကျေးရွာ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။