Home
မြန်မာသတင်း
လောင်စာဆီဈေးကြီးသဖြင့် ပရဟိတအသင်းအချို့  လူနာပို့ဆောင်ကူညီပေးမှု ရပ်နား
DVB
·
September 18, 2023

မြန်မာပြည်တွင်းမှာ စက်တင်ဘာလ ဒုတိယပတ်က စတင်ပြီး လောင်စာဆီဈေး ထပ်မံမြင့်တက်လာတာကြောင့် လူနာတင်ယာဉ် အသုံးပြုနေရတဲ့ အရပ်ဘက် ပရဟိတအသင်းတွေ လူနာတွေကို ကူညီပို့ဆောင်ပေးမှုတွေ ရပ်နားထားရတယ်လို့ အရပ်ဘက်အသင်းတွေက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်က စက်သုံးလောင်စာဆီ ၁ လီတာ လက်လီဈေးဟာ 92 Ron  ၂,၂၉၅ ကျပ်၊ 95 Ron ၂,၄၁၅ ကျပ်၊ ဒီဇယ်ရိုးရိုး ၂,၅၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ် ၂,၅၉၀ ကျပ်တို့ ဖြစ်ပေမဲ့ စက်တင်ဘာ ၁၆ ရက်က စတင်ကာ ၁ လီတာကို ကျပ် ၁၅၀ နီးပါး ထပ်မံဈေးတက်လာတာ ဖြစ်ပါတယ်။

အရပ်ဘက် ပရဟိတအသင်းတွေရဲ့ ရန်ပုံငွေဟာ အသင်းဝင်ကြေး၊ အလှူရှင်ရဲ့ငွေကြေးနဲ့ လူနာတွေက ပြန်လှူတဲ့ ဝင်ငွေ စတဲ့နေရာတွေကသာ ရရှိတာဖြစ်ပြီး အဓိကအသုံးပြုရတဲ့ လူနာတင်ယာဉ်တွေမှာသုံးတဲ့ လောင်စာဆီဈေး ပိုတက်လာတာကြောင့် ရန်ပုံငွေနည်းလာတဲ့ အရပ်ဘက်အသင်းတွေဟာ ခေတ္တရပ်နားထားရပါတယ်။

ရန်ကုန်မြို့ အရပ်ဘက်ပရဟိတအသင်းတခုက “၁ လီတာချင်းဆို သိပ်မသိသာပေမဲ့ ဂါလံခပ်များများဆို မတတ်နိုင်တော့ဘူး။ ဝေးလည်း ဝေးတယ်၊ သိပ်လည်း ထိခိုက်မှု မရှိဘူးဆိုရင် တခြား နီးစပ်တဲ့အသင်းတို့၊ ပိုပြည့်စုံတဲ့အသင်းကို လွှဲပေးတာမျိုး လုပ်ရတော့တယ်။ နယ်ဝေးဆို လူနာဘက်က ဆီဖိုးအလှူရှင်ရှိရင် လိုက်ပေးရတာမျိုးပါ။ ဥပမာ- ရန်ကုန်-နေပြည်တော် အသွားအပြန် ဆီဖိုး ၆ သောင်းဆို အလှူရှင်ဘက်က တဝက်အထိ လှူတာမျိုးလည်း ရှိပါတယ်။ ရန်ပုံငွေအခြေအနေအရ လုံးဝမဖြစ်တော့ရင် ခဏရပ်နားထားရတယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအသင်းတွေမှာ အသုံးပြုတဲ့ လူနာတင်ယာဉ်တွေရဲ့ အင်ဂျင်ပါဝါအပေါ် မူတည်ပြီး ဆီစားနှုန်းနဲ့ ဆီထည့်ရနှုန်းတွေ ကွာခြားတယ်လို့ သိရတဲ့အပြင် တိုယိုတာ အယ်လ်ဖက် အမျိုးအစား လူနာတင်ယာဉ်ဟာ ဆီတခါဖြည့်ပါက ကျပ်ငွေ ၂ သောင်းကနေ ကျပ် ၅ သောင်းအထိ ရှိတတ်ပြီး ဆီအပြည့်ဖြည့်ပါက ကျပ် ၁ သိန်းကျော်အထိ ကျသင့်ပါတယ်။

ကယ်ဆယ်ရေးကားမောင်းသူတဦးက “အများဆုံးသုံးကြတာက အင်ဂျင်ပါဝါ ၂.၄ ကားတွေပါ။ ဆီအပြည့်ဆို ၁၀ ဂါလံနဲ့ ၁၅ ဂါလံကြားထဲမှာ ရှိပါတယ်။ စူပါကာစတန်တို့၊ နိုရာ၊ ဗောက်ဇီကားတွေလည်း သုံးကြတယ်။ ဈေးမတက်ခင်က ပုံမှန် ၃ သောင်းဖိုးလောက် ထည့်ထားရင် တနေ့စာလမ်းကြောင်း လောက်ပါတယ်။ အခုအခြေအနေနဲ့ဆို အက်စီးဒန့်၊ မီးလောင်ပြင်၊ ဟိုင်းဝေးတို့ဆို သိပ်မသွားဖြစ်တော့ဘူး။ ထိစပ်မြို့နယ်ဆို လယ်ဗယ်ခေါ်မှပဲ ထွက်တော့တယ်” လို့ ပြောပါတယ်။

လူနာတင်ယာဥ် ၁ စီးပဲရှိတဲ့ ပရဟိတအသင်းတသင်းရဲ့ ပျမ်းမျှ လောင်စာဆီထည့်ရနှုန်းဟာ လတိုင်း ကျပ် ၅ သိန်းခွဲကနေ ၁၀ သိန်းအထိ ရှိနေပြီး အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်တဲ့ အခြေအနေကြောင့် အလှူရှင်တွေဆီက လစဉ်ရန်ပုံ‌ငွေ မရရှိတော့တာ၊ အသင်းရန်ပုံငွေ အထွက်များတာကြောင့် လူနာတင်ကားတွေ ရောင်းလိုက်ရပြီး ရန်ကုန်မြို့မှာ အပြီးရပ်နားလိုက်ရတဲ့ ပရဟိတအသင်း ၃ သင်းထက်မနည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024