ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မသင်္ကာဘွယ်ကား ၁ စီး ထွက်ပြေးသွားတာကြောင့် တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ ကားသမားအပြင် တရားမဝင် မြန်မာ ၁၂ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ညက အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့မှ ကားတစီးနဲ့ ကန်ကျနပူရီမြို့နယ် ဝမ်းတန်အုပ်စုရှိ လမ်းမကြီးပေါ်မှာ လုံခြုံရေး လှည့်လည်စစ်ဆေးစဉ် အနောက်က အနက်ရောင်အီဇူးစူး ဟိုင်းလပ်စ်ကား ၁ စီး လိုက်လာကြောင်း၊ အဆိုပါကားဟာ ရုတ်တရက်ဘရိတ်အုပ်ပြီး အရှိန်လျော့လိုက်လို့ ကျော်တက်မယ်အထင်နဲ့ လမ်းဘေး ဘက်ချပေးလိုက်ရာ ကားကကျော်မတက်ဘဲ နောက်ပြန်လှည့်ပြီး အမြန်မောင်းထွက်သွားတယ်လို့ အမြန်လမ်းတာဝန်ကျ ဒုရဲမှူး အစ်တိဆဒ်ခမ်းခွန်းက သတင်းထောက်ကို ပြောပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေက အဲဒီကားနောက်ကို လိုက်လံဖမ်းဆီးရာ တနေရာအရောက်မှာ ဖမ်းမိခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူမှာ အသက် ၄၃ နှစ်ရွယ် ထိုင်းအမျိုးသားဖြစ်ပြီး ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာအမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းက သူတို့ကို ကန်ကျနပူရီမြို့ ဝမ်ဆာရဖီး မီးပွိုင့်ကိုပို့ပေးဖို့ လူတယောက်က စေခိုင်း တာကြောင့် ထောင်းဖာဖူးမြို့နယ်ကနေ သွားကြိုလာတာလို့ ဖွင့်ဟဝန်ခံပါတယ်။
တာဝန်ရှိသူတွေက သူ့ကို အထောက်အထားမဲ့ နိုင်ငံခြားသားတွေအား ထိုင်းနိုင်ငံထဲ ခေါ်ဆောင် လာမှု၊ တရားမဝင်သူတွေ ပြစ်ဒဏ်မှကင်းလွတ်အောင် သိုဝှက်ထားမှုတွေနဲ့ အရေးယူသွားမှာဖြစ်သလို အဆိုပါ မြန်မာ ၁၂ ဦးကိုလည်း လဝက ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။