Home
မြန်မာသတင်း
M-16 ကျည်ကပ်များနှင့်အတူ မြန်မာအမျိုးသမီး ၁ ဦးကို ထိုင်းနိုင်ငံ၌ ဖမ်းမိ
DVB
·
September 18, 2023

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဆန်ခလပူရီမှာ  M-16 ကျည်ခွံတထောင်နီးပါးနဲ့ ကျည်ကပ် ၂၄ ခုနဲ့အတူ မြန်မာအမျိုးသမီးတယောက်ကို စက်တင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ပြောကြားချက်ကို ကိုးကားပြီး Thailand Posts  သတင်းမှာ ဖော်ပြပါတယ်။

ကန်ချနာပူရီခရိုင်၊ ဆန်ခလပူရီမှာရှိတဲ့ ပုဂ္ဂလိကပါဆယ်ပို့တဲ့ ကုမ္ပဏီတခုက ဝန်ထမ်းတဦးဟာ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီမှာ ချောင်ပူရီကနေပို့တဲ့ ပါဆယ်တခုမှာ ကျည်ကပ်တွေနဲ့တူတာကြောင့် မသင်္ကာစရာဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

ဆန်ခလပူရီရဲစခန်းက အရာရှိတွေနဲ့ နယ်ခြားစောင့်တပ်တွေက  ပါဆယ်ကုမ္ပဏီကို သွားရောက်ပြီး အထုပ်ကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျည် ၂၀ တောင့်စီပါတဲ့  M-16 A1 ကျည်ကပ် ၂၀ နဲ့ ကျည်တောင့် ၃၀ ပါတဲ့ ကျည်ကပ် ၄ ခု၊ ကျည်ခွံ ၅၀ ပါတဲ့ ၁၈ ဘူးနဲ့ နဲ့  ၂၀ ပါတဲ့ ၁ ဘူး စုစုပေါင်းကျည်ခွံ ၉၂၀တို့ကိုတွေ့ရှိခဲ့ပါတယ်။

ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက ပါဆယ်ကို ပြန်ထုပ်ပိုးပြီး ဝန်ထမ်းတွေကို ပါဆယ်ပါလိပ်စာအတိုင်း ချထားခိုင်းပြီးနောက် ရဲတပ်ဖွဲ့ကအဝေးက ချုံခို စောင့်ကြည့်ကာ အမျိုးသမီးတယောက် လာထွက်ယူတဲ့အခါမှ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အမျိုးသမီးကို ရဲစခန်းမှာ စစ်ဆေးခဲ့ရာ သူဟာ မြန်မာနိုင်ငံမှာနေတဲ့ မွန်လူမျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက နေအိမ်မှထွက်လာကာ အထောက်အထား မပါရှိပဲ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါ ပါဆယ်ထုပ်ကလည်း သူ့ပစ္စည်းမဟုတ်ဘဲ အိမ်ရှေ့မှာတွေ့လို့ လာရောက် ထွက်ယူခဲ့တာလို့  ဖြေကြားခဲ့ပါတယ်။

မြန်မာအမျိုးသမီးကို လက်ရှိမှာ တရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့  လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိမှုတို့နဲ့ တရားစွဲဆိုထားပြီး အမှုကို ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့  ထိုင်းရဲက ထုတ်ပြန်ပါတယ်။

Source/ Photo- Thailand Posts 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024