လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းကို မုန်တိုင်းဒန်နီယယ် ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တစ်ပတ်အကြာ လစ်ဗျား ကမ်းရိုးတန်းမြို့ ဒါနာမှာ ရေကြီးလို့ သေဆုံးသူဦးရေဟာ ၁၁,၃၀၀ ထိ မြင့်တက်သွားပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖို့ ဂျော်ဒန်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ က စက်တင်ဘာ ၁၇ ရက်မှာ ပူးတွဲ ကြိုးပမ်းခဲ့ပါတယ်။
အလောင်းတွေကိုရှာဖို့ မြေတူးစက်တွေနဲ့ အပျက်အစီးတွေကို တူးဖော်ခဲ့ပြီး တကိုယ်တော် ကာကွယ်ရေး ၀တ်စုံတွေ ဝတ်ထားတဲ့လူတွေက ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို စစ်တမ်း ကောက်ယူခဲ့ပါတယ်။
ဒါနာမြို့ထဲက နောက်ထပ် လူအယောက် ၁၀,၁၀၀ ကျော် ပျောက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ခန့်မှန်းခြေ လူဦးရေ ၁၂၀,၀၀၀ ရှိတဲ့ ဒါနာခရိုင်တစ်ခုလုံးဟာ မြို့တောင်ဘက်က ဆည်နှစ်ခုပြိုကျပြီးတဲ့နောက် စက်တင်ဘာ ၁၀ ရက်က ပုံမှန်အားဖြင့် ခြောက်သွေ့တဲ့ မြစ်ကြမ်းပြင် တလျှောက် ရေလုံးကြီး ထိုးဆင်းလာလို့ တိုက်စားမျောပါသွားတဲ့ အပိုင်းတွေ ရှိသလို အညိုရောင်ရွှံ့နွံထဲမှာ နစ်မြုပ်သွားခဲ့တဲ့ အပိုင်းတွေလည်း ရှိပါတယ်။
Source/Photo-Reuters