Home
နိုင်ငံတကာ
ယူကရိန်းမှ ရုရှားသို့ ခေါ်သွားခံရသည့်ကလေးများ ပြန်ပို့ရန် တောင်းဆို
DVB
·
September 17, 2023

အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်မပါဘဲ ယူကရိန်းကနေ ရုရုားကို ခေါ်သွားခံရတဲ့ ကလေးတွေ ကို ပြန်ပို့ဖို့ ယူကရိန်းက မိဘမဲ့ကလေးတွေက တောင်းဆိုလိုက်ပါတယ်။

မာရီအူပယ်လ်မြို့က အပစ်အခတ်တွေနဲ့ အငတ်ဘေး ကနေ လွတ်မြောက်အပြီး ရုရှားက သိမ်းပိုက်ထားတဲ့ ဒန်ညက်စ်မြို့ဆီ ခေါ်သွားခံရတဲ့ ယူကရိန်း မိဘမဲ့ကလေးတွေဟာ တခြား ကလေးဒါဇင် ချီနဲ့အတူ အပြင်ကို အဆက်အသွယ် လုပ်ခွင့်မရဘဲ လပေါင်းများစွာ ထိန်းသိမ်း ခံခဲ့ရတာပါ။

ခုတော့ ရုရှားနဲ့ ရုရှားက ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ယူကရိန်းကို ကလေး အယောက် ၄၀၀ လောက် ပြန်ရောက်လာပါပြီ။

ဒါပေမယ့် ၂၀၂၂ ဖေဖော်ဝါရီ မှာ ရုရှက ယူကရိန်းကို ကျူးကျော်စစ် အပြည့်အဝ ဆင်နွှဲပြီးတည်းက စပြီး ခုထိ ယူကရိန်းအစိုးရက စာရင်း ပြုစုထားသမျှ အချက်အလက်တွေအရ ကလေးငယ် အယောက် ၂သောင်းလောက်ဟာ အုပ်ထိန်းသူတွေရဲ့ သဘော တူညီချက် မရဘဲ ရုရှားက ခေါ်သွားတာ ခံထားရပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ ကျောထောက်နောက်ခံနဲ့ နယ်သာလန်အခြေစိုက် NGO Orphans Feeding Foundation က  "Bring Kids Back UA"ကလေးတွေကို ပြန်ခေါ်ပေး လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှု တရပ်ကို ခုသီတင်းပတ်အတွင်း စတင်လိုက်ပါတယ်။

ဒီလှုပ်ရှားမှုအတွင်း ယူကရိန်းကနေ ရုရှားကို ခေါ်သွားခံရတဲ့  ယောက်ျားလေးတွေနဲ့ တခြားယူကရိန်းကလေး လေးဦးတို့က သူတို့ရဲ့ ဇာတ်လမ်းတွေကို နယ်သာလန် နိုင်ငံ သဟိတ်မြို့မှာ ပြောခဲ့ကြပါတယ်။

ရုရှားအစိုးရကတော့ ယူကရိန်းကလေးတွေကို အတင်းအကျပ် ခေါ်သွားတာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပြီး မိဘမဲ့ဂေဟာတွေ ဒါမှမဟုတ် မိဘစောင့်ရှောက်မှုမရှိတဲ့ ကလေး အနည်းစုကိုသာ တွေ့ခဲ့ပြီး ရုရှားမှာရှိတဲ့ ဆွေမျိုးတွေနဲ့ တတ်နိုင်သမျှ များများနေဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းက ကလေးရာပေါင်းများစွာကို တရားမ၀င် ပြည်နှင်ဒဏ်ပေးခဲ့တဲ့ စစ်ရာဇ၀တ်မှု စွဲချက်နဲ့ ရုရှားသမ္မတ ပူတင်ကို  နိုင်ငံတကာရာဇ၀တ်တရားရုံးက မတ်လမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ရုရှားဟာ ကလေးတွေ ဘယ်မှာနေသည်ဖြစ်စေ ဆွေမျိုးတွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ မတားမြစ်ထားဘဲ ကလေးတွေနဲ့ ပြန်ဆုံဖို့ မိဘတွေ အကူအညီ လျှောက်ထား နိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားအထူးသံတမန်က မကြာသေးခင်က ပြောခဲ့ပါတယ်။

ထောင်ချီတဲ့ ကလေးတွေကို နေရပ်ပြန်ပို့ဖို့ ဆော်ဒီအာရေဗျနဲ့ တူရကီတို့ရဲ့ ကြားဝင် စေ့စပ်ပေးမှု နဲ့အတူ ဆွေးနွေးဖို့ လုပ်နေတယ်လို့ သတင်းရင်းမြစ် တရပ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ပြောခဲ့ပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024