Home
မြန်မာသတင်း
အရာတော်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ၂ ဦး ကျဆုံး
DVB
·
September 17, 2023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်နေပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်အဖွဲ့ခေါင်းဆောင်တွေဆီက သိရပါတယ်။

အရာတော်မြို့နယ်မြောက်ပိုင်း၊ နောင်ကြီးအိုင်ကျေးရွာက စစ်ကောင်စီအထိုင်ရဲစခန်းကို စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ နမခ စစ်ဌာနချုပ်စခန်း‌ကနေ Mi 35 ရဟတ်ယာဉ်တစင်းနဲ့ နောင်ကြီးအိုင်ကျေးရွာတဝိုက်ကို လာရောက်ပစ်ခတ်ခဲ့တယ် လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်‌တွေက ပြောပါတယ်။

အရာတော် မြောက်ခြမ်းက ပကဖ ခေါင်းဆောင်တယောက်က “တိုက်ပွဲက မနေ့(စက်တင်ဘာ ၁၅) ညပိုင်းကတည်းက ကျနော်တို့အဖွဲ့တွေ ဝင်ပစ်တာ။ ဒီနေ့ မနက်ခင်းအထိ တိုက်ပွဲက ဖြစ်တာဗျ။ သူတို့ဘက်က အထိနာလို့ မနက်ခင်းကျတော့ လေယာဉ်နဲ့ လာအပစ်ခံလိုက်ရတယ်။ တညလုံး တိုက်ပွဲက ကျနော်တို့အဖွဲ့တွေ ထိခိုက်တာမရှိခဲ့ဘူး။ သူတို့လေယာဉ်နဲ့လာပစ်လို့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်။ ရဲဘော် ၆ ယောက် ကတော့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ သူတို့ဘက်ကတော့ အထိခိုက်အကျဆုံးများတယ်။ အတိအကျတော့ မသိဘူး။ ကိုယ့်ဘက်က ရွာထဲအထိ ဝင်ပစ်နိုင်ခဲ့တယ်။ တချို့ အဖွဲ့တွေကတော့ စစ်ခွေးတွေရဲ့ လက်နတ်တချို့ သိမ်းဆည်းနိုင်တယ်” လို့ ပြောပါတယ်။

နောင်ကြီးအိုင်စခန်းကို ကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာ ၁၅ ရက် နေ့က ပထမအကြိမ် ဝင်ရောက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်ကလည်း အခုလို Mi35 နဲ့ လာရောက် ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဆက်တိုက် တိုက်ပွဲတွေဖြစ်နေလို့ နောင်ကြီးအိုင်ကျေးရွာ အနီးပတ်ဝန်ကျင်က ချောင်းဆုံရွာ၊ ဆည်ကြီးရွာ၊ ထုံးဘိုရွာ၊ ဘုံလက်ခတ်ရွာ၊ ထိန်ပက်ကားရွာ စတဲ့ ရွာတွေက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင် နေရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024