မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ ၂ ယော်ကကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ အရာရှိ ၁ ယောက် အပါဝင် ၁၀ ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ သက္ကယ်ကန်ရွာဘက်ကို ထိုးလာတဲ့ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ ၁၅ ရက်နေ့မှာ လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာတဲ့ ပြည်သူ ၂ ယောက်ကို ရွာထဲမှာ ပစ်သတ်ခဲ့ကြတယ်လို့ မြိုင် ပကဖ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အသတ်ခံရတဲ့သူတွေဟာ စက်တင်ဘာ ၃ ရက်နေ့ကတည်းက စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်လာတာဖြစ်ပြီး ဇီးတောတိုက်ရွာမှာနေထိုင်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးဝင်းအောင်နဲ့ ထန်းငယ်တောကျေးရွာမှာနေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ကိုဇော်ကြိုင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သက္ကယ်ကန်ရွာနားမှာ တိုက်ခိုက်ခဲ့လို့ ၅ မိနစ်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက စစ်ရှောင်တဲတိုက်က စာသင်ကျောင်းကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီနောက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းကို နာရီလောက်မှာ Drop ဗုံး ၉ လုံးအပြင် ပေပါမိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ညနေပိုင်း ၅ နာရီခွဲလောက်မှာလည်း အဲဒီစစ်ကြောင်း သက္ကယ်ကန်ကျေးရွာကနေ ဆားထုံးကြွယ်ကျေးရွာဘက်ကို ထွက်လာတဲ့အချိန် အဲဒီစစ်ကြောင်ကို တိုက်မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ကန်ကြီးတောအနောက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၄၈ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သလို တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိတယောက်အပါဝင် ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး မြိုင်မြို့ပေါ်ကနေ ၆၀ မမ၊ ၈၀ မမ တာဝေးပစ်ရော့ကက် ၁၈ လုံးလောက်နဲ့ နေရာစုံပစ်ခတ်ပြီး ပစ်ကူပေးခဲ့ကြတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။