Home
မြန်မာသတင်း
နယ်စပ်ပြန်  MoU မြန်မာလုပ်သားများ နိုင်ငံရေးကိစ္စ ရှင်းလင်းထားရန် တိုက်တွန်း
DVB
·
September 17, 2023

ထိုင်းနိုင်ငံမှာ သက်တမ်းပြည့် MoU မြန်မာလုပ်သားတွေ MoU/ U-turn စနစ်နဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေ ပြည်တွင်းကိုပြန်လာပြီးအလုပ်သမားသက်တမ်း လာတိုးတဲ့အခါမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပါဝင်ထားရင် အဖမ်းခံရနိုင်တာကြောင့် သတိပြုကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ သက်တမ်းပြည့် မြန်မာ MoU အလုပ်သမားတွေ MoU/ U-turn စနစ်နဲ့ ထိုင်းနိုင်ငံတွင်း ရက်တိုတိုနဲ့ ပြန်လည် ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ မြဝတီနဲ့ ကော့သောင်းမြို့တို့မှာ စက်တင်ဘာ ၁၁ ရက်က စလို့ One-stop ဝန်ဆောင်မှုနဲ့ လုပ်ကိုင်ပေးနေပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "မိမိတို့ ဟန်းဖုန်းထဲမှာရှိတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တဲ့ အသံဖိုင်တွေ၊ သတင်းအချက်အလက်တွေ အကုန်လုံး ရှင်းသွားဖို့၊ ညစ်ညမ်းဗီဒီယိုကားတွေ အသံတွေ ဖိုင်တွေကအစ ရှင်းသွားဖို့။ ဒုတိယတချက်က မြန်မာ့အရေးအတွက် နွေဦးတော်လှန်ရေးအတွက် ထောက်ပို့လုပ်နေတဲ့ကိစ္စတွေ ဒီလို သက်တမ်းတိုးလုပ်နေချိန်မှာ ရပ်ထားဖို့၊ တတိယအချက်ကတော့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အဖွဲ့အစည်းကိုလည်းကောင်း၊ လူပုဂ္ဂိုလ်ကိုလည်းကောင်း ဒီကာလမှာ အဆက်ဖြတ် ထားဖို့၊ နောက်တချက်က တန်ဖိုးရှိတဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာ ပစ္စည်းတွေနဲ့ သယ်ဆောင်ပြီး အဲစခန်းတွေကနေ အသွားအပြန် မလုပ်ဖို့၊ နံပါတ် ၅ အချက်က ထိုင်းနိုင်ငံ ဧရိယာထဲကနေ နယ်စပ်ပြည်တွင်းထဲရောက်သွားရင် နိုင်ငံရေး၊ စစ်ရေးအကြောင်း ဘာဆိုဘာမှ မပြောဖို့၊ အဲအချက် ၅ ချက်ကို အလေးအနက်ထားပြီး အထူးဂရုထားဖို့ လေးလေးစားစားလိုက်နာဖို့ ပန်ကြားချင်ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး U-turn အစီအစဉ်နဲ့ သက်တမ်းတိုးကိစ္စတွေကို စက်တင်ဘာ ၁၁ ရက်က စတင်ကာ မြဝတီမှာ တရက်ကို လူ ၇၀၀ နီးပါး၊ ကော့သောင်းမှာ လူ ၃၀၀ နီးပါး ပြုလုပ်ပေးနေတာပါ။

အလုပ်သမားအေဂျင်စီနဲ့ အလုပ်သမားတွေအနေနဲ့ မြဝတီ ဒါမှမဟုတ် ကော့သောင်းက One Stop Service ရုံးတွေမှာ စာချုပ်ချုပ် ဆိုတာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ကတ် ထုတ်နဲ့ ဗီဇာလျှောက်ပြီး ထိုင်းနိုင်ငံကို ပြန်လည် ဝင်ရောက်တာကို ၃ ရက်ကနေ ၄ ရက်အတွင်း လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

အခုလို One-stop service နဲ့ အချိန်တိုအတွင်း လုပ်ဆောင်ပေးမယ်ဆိုရင် MoU အလုပ်သမားတွေအတွက် အဆင်ပြေတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေး‌ ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

Labour Rights Foundation တာဝန်ရှိသူ ဦးအောင်ကျော်က "သူတို့ ကြေညာထုတ်ပြန်ထားတဲ့အတိုင်း လုပ်ပေးမယ်ဆို အလုပ်သမားတွေအတွက် အင်မတန် ကောင်းမွန်တယ်။ ဘာလို့လဲဆိုတော့ MoU လုပ်ငန်းစဉ်က အရမ်းရှည်ကြာတဲ့အတွက် ကျနော်တို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေ ကိုယ်တိုင် သက်ဆိုင်ရာ အစိုးရ နှစ်ဖက်ကို အမြဲ အကြံပေးတယ်။ အခု အနေအထားက သက်ဆိုင်ရာ ရန်ကုန်မြို့ကို ပြန်လုပ်စရာ မလိုဘဲ ထိုင်းနိုင်ငံ နယ်စပ်မှာပဲ One stop service နဲ့ ပြီးစီးအောင် ဆောင်ရွက်မယ်ဆို အလုပ်သမားဘက်ကကြည့်ရင် နှစ်ထောင်းအားရ ဖြစ်ပါတယ်။ သို့သော် အမှန်တကယ် ကုန်ကျစရိတ်လည်း သက်သာမယ်။ အလုပ်သမားလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးရင် ကောင်းတဲ့ လက္ခဏာပါပဲ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းက မြန်မာနိုင်ငံဘက်ကိုပြန်တဲ့ အလုပ်သမားတချို့ မြဝတီ - မယ်ဆောက် နယ်စပ် အမှတ် ၁ တံတားမှာ ဖုန်းတွေ စစ်ဆေးခံရပြီး မသင်္ကာရင် မသင်္ကာသလို ဖမ်းဆီးခံရတာတွေရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံဘက်အခြမ်း ပြန်ဝင်လာတဲ့ အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို အတင်းအဓမ္မစစ်ဆေးတာတွေပြုလုပ်နိုင်ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ အလုပ်သမားတွေကို ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေ လုပ်နိုင်တာကြောင့် အခုလို သတိပေးပြောဆိုတာလို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းက ခရိုင် ၇၇ ခုမှာ တရားဝင်ရော၊ တရားမဝင်ပါ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေအတွက် ၄ သန်းကနေ ၅ သန်းဝန်းကျင်ရှိပြီလို့ ထိုင်းရောက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

ဇွဲသစ်

ဓာတ်ပုံ - မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024