ရန်ကုန်က မြို့နယ်တချို့မှာရှိတဲ့ လမ်းဘေးစျေးဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က အသိပေးချက် ကြိုတင်ထုတ်ပြန်တာမရှိပဲ စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ ဆိုင်ပိုင်ရှင်တွေဆီကနေ သိရပါတယ်။
လူသွားလမ်းပေါ်ကို ဆိုင်းဘုတ်တွေရောက်နေလို့ ဖမ်းဆီးတာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးတွေမှာ ငွေကျပ် ၅သောင်း ဒဏ်ကြေးဆောင်ပြီး ဆိုင်းဘုတ်တွေကို ပြန်လာယူဖို့ သတိပေးသွားတယ်လို့ ဆိုင်းဘုတ်သိမ်းဆည်းခံရတဲ့ တောင်ဥက္ကလာပ မြို့နယ်၊ ရတနာလမ်းမပေါ်က ဆိုင်ရှင်တယောက်က ပြောပါတယ်။
“ဆိုင်းဘုတ်က ဆိုင်ရှေ့မှာပဲ ချထားတာပါ။ အဲဒါ စည်ပင်ယူနီဖောင်းနဲ့ လူ ၃ ယောက်က ကားနဲ့ရောက်လာပြီး အကုန် ကားပေါ်တင်သွားတာ။ အရာရှိတယောက်က နောက်က ရောက်လာပြီး ရပ်ကွက်ရုံးမှာ ၅ သောင်းနဲ့ လာပြန်ယူခိုင်းတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက်ရုံးမှာ ဒဏ်ကြေးဆောင်ပြီးတဲ့ဆိုင်တွေကတော့ ယခင်နေရာအတိုင်း ဆိုင်းဘုတ်ပြန်လည်ထားရှိလို့ရပြီး ဒဏ်ကြေးမဆောင်တဲ့ ဆိုင်တွေကိုတော့ ဆိုင်းဘုတ်ထပ်ထားရင် ထောင်ဒဏ်အထိပါ ချမှတ်ခံရမယ်လို့ စည်ပင်အရာရှိဆိုသူတွေက ခြိမ်းခြောက်ခဲ့ကြောင်း သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်မှာ ကားဝပ်ရှော့ဆိုင် ဖွင့်ထားသူတယောက်က ပြောပါတယ်။
“ပိုက်ဆံပေးထားတဲ့သူတွေကို ရုံးကနေ ငွေရှင်းဘောက်ချာလိုဟာမျိုး ဖွင့်ပေးလိုက်တယ်။ အဲဆိုင်တွေက ဆိုင်းဘုတ်ကို အရင်နေရာမှာ ပြန်ထားလည်း လာမသိမ်းတော့ဘူး။ ပိုက်ဆံမပေးဘဲ ဆိုင်းဘုတ်ထပ်ထားရင်တော့ ထောင်ချပစ်မယ်ဆိုပြီး လာပြောတာမျိုး ရှိတယ်” လို့ ပြောပါတယ်။
ဒဏ်ကြေးဆောင်ပြီးတဲ့ ဆိုင်ရှင်တွေအနေနဲ့လည်း နောက်ထပ် မြို့နယ်စည်ပင် အရာရှိတယောက် ပြောင်းလာရင် ထပ်မံပြီး ဒဏ်ကြေးပေးရမှာကို စိုးရိမ်နေတယ်လို့ ဒဏ်ကြေးဆောင်ပြီးတဲ့ ကြည့်မြင်တိုင်မြို့နယ်၊ စျေးကြီးလမ်းထဲက အထည်ဆိုင် ဆိုင်ရှင်တယောက်က ပြောပါတယ်။
“ပိုက်ဆံပေးပြီးပေမယ့်လည်း လုံးဝစိတ်ချလို့မရဘူး။ ၃ လလောက်နေရင် ထပ်လာပြီး သိမ်းချင်သိမ်းတာပဲ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က စပြီး မြို့နယ်စည်ပင်သာယာရေးရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့က ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့် နံပါတ်တွေ ရောင်းချပြီး ငွေကြေးကောက်ခံတာတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။