စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူး ကားလမ်းကို ပြန်ဖွင့်ပြီးနောက် ကားခစျေးနှုန်း ၂ ဆမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲတွေကြောင့် အခုနှစ် ဇွန်လအလယ်ပိုင်းကတည်းက ပိတ်ထားတဲ့ ကလေး-တမူးလမ်းပိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
လမ်းမပိတ်ခင်က ကလေး-တမူး ယာဉ်စီးကစျေးနှုန်းက လူတယောက်ကို ၁၅,၀၀၀ နှုန်းပေးရပြီး အခု လမ်းပြန်ဖွင့်တဲ့အချိန်မှာတော့ တယောက်ကို ၃၀,၀၀၀ ပေးရတာဖြစ်ပါတယ်။
ကလေး-တမူး လမ်းတလျှောက်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖက်စလုံးရဲ့ ငွေကြေး ကောက်ခံတဲ့ ဂိတ်ပေါင်း ၂၀ ကျော်ရှိပြီး ဂိတ်တိုင်းကို ငွေကြေးပေးဆောင်ရတာကြောင့် ကားခမြင့်တက်လာရတာလို့ ကားသမားတွေဆီက သိရပါတယ်။
ကားခနဲ့ တန်ဆာခတွေ မြင့်သွားတာကြောင့် တမူးမြို့ထဲမှာ ကုန်စျေးနှုန်းတွေလည်း ကြီးမြင့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကားခစျေးတွေတက်တော့ ကုန်စျေးနှုန်းတွေလည်းမြင့်တက်တယ်။ အဓိက ကုန်တွေပဲ တင်ကြသေးတယ်။ လူတွေတော့ သိပ်မစီးရဲကြသေးဘူး။ လမ်းပိတ်ထားတဲ့ အချိန်ကဆို အရေးကိစ္စရှိရင် ကလေးကို တောလမ်းကနေသွားရတာ။ အခု လမ်းပြန်ဖွင့်သွားတော့ စျေးတက်လည်း စီးကြရမှာပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကလေး-တမူးလမ်း ပြန်ဖွင့်လိုက်ပေမဲ့ တမူးအထက်ပိုင်း အောင်ဇေယျလမ်းပိုင်းကိုတော့ လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတုန်းဖြစ်ပါတယ်။