Home
မြန်မာသတင်း
အာရှလမ်းတွင် ၁ လအတွင်း စစ်သား အယောက် ၅၀ ကျော် ထိခိုက်သေဆုံး
DVB
·
September 16, 2023

ပြီးခဲ့တဲ့ ၁ လအတွင်း ကော့ကရိတ် - မြဝတီ အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်ဘက်က အယောက် ၅၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

ကော့ကရိတ် - မြဝတီ အာရှလမ်းမှာ မိုးကြီးမြေပြိုလို့ ပျက်စီးခဲ့တဲ့ လမ်းတွေ ပြန်လည်ပြုပြင်ဖို့အကြောင်းပြုပြီး နယ်မြေလုံခြုံရေးအရ လှုပ်ရှားနေတဲ့ စစ်ကောင်စီ တပ်တွေကို သြဂုတ် ၇ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့ အထိ KNU - တပ်မဟာ ၆၊ KNLA တပ်ရင်း ၁၈ နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပြောက်ကျားနည်း၊ ထိတွေ့တိုက်ခိုက်တဲ့နည်းတွေနဲ့ ၁၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လာတာပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၃၁ ယောက် သေဆုံး၊ ၂၆ ယောက် ဒဏ်ရာရပြီး စစ်သုံးကား ၇ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၄ ယောက်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ၁ ယောက်ကတော့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အာရှလမ်းကို နယ်မြေစိုးမိုးဖို့ကြိုးစားနေတာ မရတော့ အရပ်ဘက်ကားတွေမှာ အရပ်သားအသွင်ဆောင်ပြီး သွားလာမျိုးတွေရှိတယ်လို့ KNLA PDF ပူးပေါင်းအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပြီး တိုက်ပွဲတွေရှိရင် သတိထားသွားလာကြဖို့လည်း ဆိုပါတယ်။

ကေအဲန်ယူ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၆ ရွာက ဒေသခံ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်ထဲက ဟော်ခိုဂေါကျေးရွာ၊ မယ်တလင်ကျေးရွာနဲ့ ဆင်းပုလဲကျေးရွာတွေကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် ၃ စီးနဲ့ ၁၃ ကြိမ်လောက် လာရောက်တိုက်ခိုက်သွားတယ်လို့ ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်တာတော့ မရှိဘဲ နေအိမ်တွေ ပျက်စီးဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

ဟောခိုဂေါရွာ၊ ဝိုင်းကြီးရွာ၊ ဆင်းပုလဲရွာ၊ လူအရွာ၊ မယ်တလင်ရွာနဲ့ ထွာနီကုန်းရွာတို့က အိမ်ခြေ ၉၅၀ ကျော်က ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး သူတို့အတွက် စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ နေရာထိုင်ခင်း အမိုးအကာတွေ စတဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေ လိုအပ်နေတာကြောင့် မုန်းမြို့နယ်၊ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ ဒါမှမဟုတ် ကေအဲန်ယူ သတင်းနဲ့ ပြန်ကြားရေး၊ ဗဟိုကို ဆက်သွယ်မေးမြန်းပြီး အကူအညီတွေ ပေးအပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024