ရွှေဘိုမြို့နယ်၊ ရွှေကျင်ကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာ ၁၅ ရက် မနေ့မနက်ပိုင်းက PDF မဟာမိတ် ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့လို့ ဗိုလ်အဆင့်ရှိသူ ၁ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရကြတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီကျောင်းမှာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်တပ်စွဲထားတာဖြစ်ပြီး မနက် ၇ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာပါ။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒရုန်းနဲ့ ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာ။ စစ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက် သေတယ်။ အလောင်းကိုတော့ ပြန်သယ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ စားလက်စ ထမင်းပန်းကန် ၇ ချပ်၊ ဒဏ်ရာကို ကုသထားတဲ့ဆေးဝါးပစ္စည်းတွေနဲ့ အကြမ်းဖက် စစ်တပ် ဘက်တံဆိပ်ပါ ယူနီဖောင်းအင်္ကျီတွေ တွေ့ရှိခဲ့တယ်လို့ PDF ပူးပေါင်းအဖွဲ့က ဆိုပါတယ်။
အဲဒီ ဒရုန်းစစ်ဆင်ရေးကို BLACK WOLF-ARMY၊ Who am i-Army၊ Forest Fighter နဲ့ နတ်တောင်နဂါးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။