မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်ပြီး မဟာမိတ်တွေအနေနဲ့ တန်ရာတန်ကြေးဖြစ်စေဖို့ အာမခံကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ အကြီးတန်း သံတမန်တွေနဲ့ ကာကွယ်ရေးအရာရှိတွေက စက်တင်ဘာ ၁၅ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ ဆာရှာဘေကာက “ရုရှားနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ရပ်တန့်ပြီးတော့ ယူကရိန်းမှာ ရုရှားရဲ့ တရားမဝင် စစ်ပွဲအတွက် သူ့ရဲ့ထောက်ခံမှုကို ရပ်တန့်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားတယ်” လို့ ပြောပါတယ်။
တာဝန်ရှိသူတွေဟာ မြောက်ကိုရီးယားရဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားရေးအကြောင်း ဆွေးနွေးဖို့ ဆိုးလ်မြို့မှာ တွေ့ဆုံနေကြတာဖြစ်ပြီး ရုရှားကိုလည်း လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန်ရှိကြောင်းပြသဖို့ မော်စကို ကို တောင်းဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယားရဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး ချန်ဟိုဂျင်က “ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာပဲဖြစ်ပြီး ရုရှားကို နျူးကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်ကို စတင်တည်ထောင်သူအဖြစ်နဲ့ရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအဖြစ်ရော တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်း ပြသသင့်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေအနေနဲ့ သဘောတူညီကြတယ်” လို့ ပြောပါတယ်။
မဟာမိတ်တွေဟာ ယူကရိန်းစစ်ပွဲအတွက် စစ်လက်နက်ပစ္စည်းတွေ ရယူဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေကို သတ်မှတ်ခွဲခြား ဖော်ထုတ်ပြီး တန်ပြန်မှာဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနမှ ဆာရှာဘေကာက ဆိုပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ကြား လက်နက်လွှဲပြောင်းရေးကို ညှိနှိုင်းရာမှာနဲ့ လွယ်ကူချောမွေ့စေရေးမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကိုလည်း ဒဏ်ခတ်အ ရေးယူထားပြီး လောလောလတ်လတ် ဩဂုတ်လမှာ လုပ်ဆောင်ထားတာလို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုအစီအစဉ်အတွက် ရုရှားအကူအညီတွေကို ဆွေးနွေးဖို့ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
Source/Photo-Reuters