Home
မြန်မာသတင်း
အရာတော်တွင် စစ်တပ်စခန်း တိုက်ခိုက်ခံရ၊ စစ်ရေးကြောင့်  တမူး-အောင်ဇေယျလမ်းပိုင်း ပိတ်
DVB
·
September 15, 2023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာက စစ်ကောင်စီ အထိုင်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာ ၁၅ ရက် မနက် ၄ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ‌နောင်ကြီးအိုင်ရွာအနီးက ဒေသခံပြည်သူတွေ မိုးရွာနေတဲ့ကြားက စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “အဲရွာမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေခံရဲစခန်းတော့ ရှိတယ်။ အဲ့စခန်းကို ဝင်တိုက်ကြတာ။ တိုက်ပွဲဖြစ်ပြီး လက်နက်သံတွေကတော့ မနက်ခင်း ၄ နာရီလောက်ကတည်းက ကြားနေရတယ်။ အထိအခိုက် အကျအဆုံးကတော့ အခုထိ မသိရသေးဘူ။ ကိုယ့် PDF အဖွဲ့တွေကတော့ နောင်ကြီးအိုင်ရွာထဲအထိ ဝင်ပစ်နိုင်တယ်ဆိုတာတော့ ကနဦး သိထားရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က နမခစစ်တပ်အတွင်းကနေ Mi35 လေယာဉ်နဲ့ မနက်ခင်း ၈ နာရီ‌ကျော်က နောင်ကြီးအိုင်ရွာအနီး ပတ်ပတ်လည်ကို လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကာ မြေပြင်စစ်ရေးအခြေအနေက နှစ်ဖက်တင်းမာနေပြီး တိုက်ပွဲမပြီးသေးတာကြောင့် ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အထိအခိုက် အကျအဆုံးကိုလည်း လတ်တလော မသိနိုင်သေးဘူးလို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း တမူး-အောင်ဇေယျလမ်းပိုင်းကို စစ်ရေးတင်းမာမှုကြောင့် ယာယီပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်ဇေယျလမ်းပိုင်းကို စက်တင်ဘာ ၁၂ ရက်ကစပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့၊ SNA ရှမ်းနီအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့၊ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေက ပူးပေါင်းစစ်ကြောင်းထိုးမယ်လို့ သတင်းရရှိတာကြောင့် ပိတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “တမူးအထက်ပိုင်းမှာတော့ ဒီလမ်းက အရေးပါတာပေါ့။ သွားရေးလာရေးကတော့ ခက်နေတယ်။ ဘာကားမှ သွားလို့မရဘူးလေ၊ လမ်းပေါ်သွားနေတဲ့ ပြည်သူ ၂ ယောက်ကိုလည်း အရင်ရက်က စစ်တပ်က ပစ်လိုက်တယ်” လို့ ပြောပါတယ်။

စစ်ရေးအခြေအနေ တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် တမူးအထက်ပိုင်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်နဲ့ တခြားယာဉ်ကြီး ယာဉ်ငယ်တွေကို မသွားလာဖို့  တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုတွေက တားမြစ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024