ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့မှာ ငဝန်မြစ်(ပုသိမ်မြစ်)ရေ မြင့်တက်လာတဲ့အတွက် တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးဧကများစွာ ရေမြုပ်ပြီး ပျက်စီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
လေးမျက်နှာမြို့မှာ စက်တင်ဘာလအစတည်းက အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ငဝန်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါး မြင့်တက်နေပါတယ်။
မြစ်ရေကြီးတာကြောင့် ရေဖောက်ထုတ်လို့ မရသလို ရေလျှော့လည်း မရတာကြောင့် စိုက်ပျိုးခဲ့တဲ့ မိုးစပါး အကုန်လုံးနီးပါး ပျက်စီးခဲ့တယ်လို့ တောင်သူတဦးက ပြောပါတယ်။
“ပုံမှန် မိုးများပြီး ရေကြီးတာလောက်ဆို ရေဖောက်ထုတ်တာတို့ ရေလျှော့လို့ ရသေးတယ်။ အခုက မြစ်ရေဆိုတော့ ဘာမှကိုလုပ်လို့ကို မရတော့တာ။ မိုးကလည်း ရွာနေတာ ဆက်တိုက်ပဲ၊ ၂ ပတ်နီးပါးလောက်ရှိပြီ။ လက်ရှိမှာတော့ ပျက်စီးမယ့်တူတူ နည်းနည်းရင့်တာလေးတွေကို လက်နဲ့ပဲ ဒုက္ခခံပြီး လိုက်ရိတ်နေရတာ။ စပါးရခါနီးမှ ဒီလိုဖြစ်သွားတာဆိုတော့ စားရခါနီးမှ ပုတ်ချခံလိုက်ရသလိုပါပဲ။”
လေးမျက်နှာတမြို့လုံး စပါးခင်းတွေ ရေမြုပ်နေပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ လာရောက်တာ မရှိတဲ့အတွက် အရေအတွက် အတိအကျ မသိရပေမဲ့ ဧကထောင်နဲ့ချီပြီး ရှိနိုင်တယ်လို့ စပါးစိုက်ပျိုးရေးနဲ့ ရောင်းဝယ်သူတဦးက ပြောပါတယ်။
“လက်ရှိမှာတော့ မကြာခင်ကမှ ကြဲထားတဲ့ စပါးစိုက်ခင်းတွေနဲ့ စိုက်ပျိုးထားတဲ့ စပါးပင်တွေကတော့ အကုန်ပျက်စီးသွားပါပြီ။ ရင့်မှည့်ခါနီး စပါးတွေကတော့ အခုလက်ရှိ ဘယ်လောက်ပျက်စီးလဲဆိုတာ ခန့်မှန်းရ နည်းနည်းခက်တယ်။ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာ မရှိတော့ စာရင်းအတိအကျ မရနိုင်ပေမဲ့ ဧကထောင်နဲ့ချီပြီး ရှိလောက်မယ်။ မိုးလေဝသကလည်း ငဝန်မြစ်ရေ ထပ်တက်နိုင်တယ်လို့ ကြေညာထားတော့ ဒီထက်ပျက်စီးဖို့ ရှိနေပါတယ်။ ငဝန်မြစ်ရေက အမြဲတမ်းကြီးပြီး ခဏခဏ ပျက်စီးပေမဲ့ ဒီတခေါက်ကတော့ အယ်လ်နီညိုကြောင့် မိုးခေါင်မယ်ဆိုပြီး ခန့်မှန်းကြေညာတဲ့ အသံတွေကြောင့် အတွက်အချက်လွဲပြီး ပိုပျက်စီးခဲ့ပါတယ်။”
လေးမျက်နှာမြို့မှာ မြစ်ရေတက်တာကြောင့် စပါးခင်းတွေ ပျက်စီးခဲ့ပေမဲ့ ပြည်သူတွေ ရေဘေးရှောင်ရတဲ့ အခြေအနေ မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ဧရာဝတီမြစ်ရေနဲ့ ငဝန်မြစ်ရေတို့ စိုးရိမ်ရေမှတ်ထက် ကျော်တာကြောင့် ကမ်းပါးပြိုမှုတွေနဲ့ ရေကြီးမှုတွေဖြစ်ကာ ဟင်္သာတ၊ ဇလွန်၊ ပန်းတနော်နဲ့မြို့တွေက လူဦးရေ ၁,၄၀၀ နီးပါး ရေဘေးရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်မှာလည်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်ရွာပြီး ရေကြီးရေလျှံဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာ စပါးဧက ၇ သောင်းကျော်နဲ့ မွန်ပြည်နယ်မှာ စပါးဧက ၁ သိန်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။