Home
မြန်မာသတင်း
ဘန်ကောက်ရှိ စျေးဝယ်စင်တာတခုကို ထိုင်းရဲဝင်စီးနင်း၊  မြန်မာအလုပ်သမား ၁၈ ဦးဖမ်းဆီးခံရ
DVB
·
September 15, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ  စျေးဝယ်စင်တာတခုကို ထိုင်းရဲတပ်ဖွဲ့က  ဝင်ရောက်စီးနင်းပြီး တရားမဝင် ဈေးရောင်းတဲ့အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခဲ့တယ်လို့  CH3 Plus ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်မြို့ နန်းမူလမ်း ပထူဝမ်ဒေသမှာရှိတဲ့ စျေးဝယ်စင်တာတခုရဲ့ မြန်မာနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ဒုတိယထပ်ရှိ ဆိုင်ခန်း ၁ ခန်း၊ တတိယထပ်ရှိ ဆိုင်ခန်း ၅ ခန်းနဲ့ စတုတ္ထထပ်ရှိ ဆိုင်ခန်း ၄ ခန်း ကို ထိုင်းရဲတပ်ဖွဲ့က ဝင်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ဆိုင်အများစုဟာ အိတ်၊ အဝတ်အထည်၊ ဖိနပ်၊ ဖုန်းအိတ်တွေ ရောင်းချကြတဲ့ဆိုင်တွေဖြစ်ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးတဲ့အခါ မီးပိတ်​ပြီး ဆိုင်တံခါးပိတ်ဖို့ ကြိုးစားခဲ့သလို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြသူတချို့  လွတ်မြောက်သွားပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသားမျး လုပ်ပိုင်ခွင့်အရ စင်တာတွေမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေဟာ ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်ဆိုင်ဖွင့်ပါက အစိုးရခွင့်ပြုချက် အပါအဝင် အချက် ၄ ချက်နဲ့ ကိုက်ညီမှ ဖွင့်လို့ရမှာဖြစ်ပြီး အချက်အလက် မပြည့်စုံပါက အရေးယူခံရနိုင်ပါတယ်လို့ ပြောထားပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ဘယ်လိုအရေးယူထားတယ်ဆိုတာ သတင်းမှာ မဖော်ပြခဲ့ပေမဲ့ ပြစ်မှုထင်ရှားပါက ပုဒ်မ ၈ အရ ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိပေးဆောင်ရနိုင်ပြီး  သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်​ပို့ဆောင်နိုင်တယ်လို့ ပြောထားပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့လည်း ​​ပြစ်မှုထင်ရှားပါက ပုဒ်မ ၉ အရ ဘတ်ငွေ ၁၀၀၀၀ မှ ဘတ် ၁၀၀၀၀၀ အထိဒဏ်ငွေဆောင်ရမှာဖြစ်ပြီး နောက်တကြိမ်ကျူးလွန်ပါက ဘတ် ၅၀၀၀၀ မှ ဘတ် ၂၀၀၀၀၀ အထိပေးဆောင်ရမယ့်အပြင်  အလုပ်လုပ်ခွင့်လည်း ၃ နှစ်ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

Source/Photo. CH3 Plus New

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024