ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှာ မိုးသည်းထန်ရွာသွန်းတာကြောင့် လယ်ကွင်းတွေ ရေနစ်မြုပ်ပြီး စပါးပင်တွေ ပျက်စီးနေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
လက်ပံတန်းမြို့မှာ စက်တင်ဘာ ၈ ရက်ကတည်းက အဆက်မပြတ် မိုးသည်းထန် ရွာနေတာကြောင့် မြို့တမြို့လုံးရှိ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်နေပါတယ်။
မိုးကြီးပြီး ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးခဲ့တဲ့ မိုးစပါးတဝက်နီးပါး ရိတ်သိမ်းခါနီးမှ ပျက်စီးခဲ့ရတယ်လို့ တောင်သူတဦးက ပြောပါတယ်။
“စပါး ၅ ဧက စိုက်တာ။ ရေမြုပ်ပြီး ၂ ဧကကျော် ပျက်စီးသွားတယ်။ ကျနော်က ကြဲခင်းဆိုတော့ ၅ လပိုင်းကတည်းက စစိုက်တာပါ။ ကျနော့်လယ်တွေက နည်းနည်းတော်ပါသေးတယ်။ ဘေးနားကလယ်တွေဆို ဒီထက်တောင် ပိုပျက်စီးတယ်။ စပါးစိုက်ဖို့အတွက် ပေးလိုက်ရတဲ့ အချိန်တွေ၊ ရင်းရတဲ့ အရင်းအနှီးတွေ ပြန်ရခါနီးမှ ခုလိုဖြစ်သွားတော့ စိတ်မကောင်းတော့ တော်တော်ဖြစ်သွားတယ်။ ဒါပေမဲ့ စိတ်မကောင်းဖြစ်တာကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ နောက်ထပ် ထပ်မပျက်စီးပါစေနဲ့လို့ ဆုတောင်းရုံပဲ ရှိတော့တယ်။”
လက်ရှိအချိန်မှာ မိုးက ဆက်တိုက်ရွာနေသလို လယ်ကွင်းတွေလည်း ရေမြုပ်နေဆဲ ဖြစ်တာကြောင့် တမြို့လုံးအတိုင်းအတာအနေနဲ့ လယ်ဧက ဘယ်လောက်ပျက်စီးသွားလဲဆိုတာ အတိအကျ မသိနိုင်သေးပေမဲ့ အခုမှ စပါးစစိုက်တဲ့လယ်တွေ အကုန်လုံးနီးပါး ပျက်စီးသွားတယ်လို့ လယ်သမားတဦးက ပြောပါတယ်။
“အစ်ကိုက အခုမှစစိုက်တော့ အကုန်ရေမြုပ်ပြီး ပျက်စီးသွားတယ်။ မိုးမဝင်ခင် စိုက်တဲ့သူတွေက အပျက်အစီး သိပ်မများဘူး။ ခုမှစိုက်တဲ့သူတွေပဲ ပျက်စီးကြတာ။ စီးပွားရေးတွေ ပျက်ကပ်နေတဲ့အချိန်မှာ ဒီလိုဖြစ်သွားတော့ ဘာမှမပြောချင်တော့ပါဘူး။”
ပြီးခဲ့တဲ့ သြဂုတ်မှာလည်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်ရွာပြီး ရေကြီးရေလျှံဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာ စပါးဧက ၇ သောင်းကျော်နဲ့ မွန်ပြည်နယ်မှာ စပါးဧက ၁ သိန်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။