အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့ မြန်မာနိုင်ငံသားတဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိထားကြောင်း စက်တင်ဘာ ၁၃ ရက်မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးLalthangvunga ဖြစ်ပြီး ကျန်ဖိုင်းရဲတပ်ဖွဲ့က နယ်စပ်ရဲကင်းဂိတ်မှာ ဘိန်းဖြူတွေနဲ့အတူ စက်တင်ဘာ ၁၁ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ နယ်စပ်ရဲကင်းဂိတ်မှာ ကားကိုစစ်ဆေးရာ ကားပေါ်မှာ အပိုပါလာတဲ့ တာယာဘီးထဲက ဆပ်ပြာခွက် ၃၁ ခွက်အတွင်း ထည့်ထားတဲ့ ဘိန်းဖြူ ၄၁၀ ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ဦးLalthangvunga ကို မီဇိုရမ်ရဲတပ်ဖွဲ့က နိုင်ငံခြားသားအက်ဥပဒေနဲ့ မူးယစ်ဆေးဝါး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သယ်ယူရောင်းချတာ မပြုလုပ်ဖို့၊ ဆက်လက်လုပ်ဆောင်ကြပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန် သတိပေးထားပါတယ်။
ဓာတ်ပုံ - Mizoram Police