မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတာဝန်ခံဖြစ်တဲ့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီး ကင်မ်ယုံဟိုက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယား-ရုရှား ထိပ်သီးအစည်းအဝေးရဲ့ အသေးစိတ်ရလဒ်တွေအတွက် နောက်ထပ် အချက်အလက်တွေကို ရယူဦးမှာဖြစ်ကြောင်းလည်း ပေါင်းစည်းရေးဝန်ကြီး ကင်မ်ယုံဟိုက ဆိုးလ်မှာ ပြည်တွင်းသတင်းထောက်တွေနဲ့ သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လက်နက်ကုန်သွယ်မှုတွေ အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်တာကလွဲလို့ မတတ်နိုင်ဘူးလို့လည်း သူကဆိုပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့အနေနဲ့ အထီးကျန်ဆန်ပြီး သူတို့ဘာသာ နောက်ပြန်ဆုတ်သွားစေမယ့် တရားမဝင် လုပ်ဆောင်မှုတွေကို ရပ်တန့်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေလိုမျိုး နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာကြဖို့ တိုက်တွန်းလိုကြောင်း တောင်ကိုရီးယားဝန်ကြီးကပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ ရုရှားနိုင်ငံ အရှေ့ဖျားမှာ တွေ့ဆုံခဲ့ကြပြီး နောက်တရက်အကြာမှာပဲ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးက မှတ်ချက်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters