Home
ဆောင်းပါး
မြန်မာ့အရေး ငွေပဲလိုတယ်၊ လေ မလိုဘူး
DVB
·
September 14, 2023

မြန်မာပြည်သူတွေကို မငဲ့မညှာ အကြမ်းဖက် သတ်ဖြတ်နေတာကို ပြစ်တင်ရှုတ်ချလိုက်တယ်။ ဩဂုတ် ၂၃ ရက်၊ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားတယ်။ လုံခြုံရေးကောင်စီဆိုပေမဲ့ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးတော့ မပါ။ မြန်မာစစ်အုပ်စုနဲ့ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးထားတဲ့ ရုရှားနဲ့ ဟိုလိုလိုဒီလိုလို ခြံစည်းရိုးပေါ်က တရုတ်တို့ မပါတဲ့ ၁၃ နိုင်ငံ ထုတ်ပြန်ချက်။

စစ်ခေါင်းဆောင်တွေအနေနဲ့ အတိုက်အခိုက်တွေ ရပ်ဆိုင်းဖို့၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့လည်း အဲဒီထုတ်ပြန်ချက်က ထပ်မံတိုက် တွန်းလိုက်တယ်။ တိုက်တွန်းတယ်၊ တောင်းဆိုတယ်၊ ပြစ်တင်ရှုတ်ချတယ် ဆိုတာက စကားလုံးတွေနဲ့ သံတမန်ရေးဖိအား။ ရှက်တတ်တဲ့သူတွေအတွက် သိပ်ကိုထိရှစေပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဆိုတာက အရှက်မရှိလို့ တကမ္ဘာလုံးကို ဗြောင်လိမ်ကာ အာဏာသိမ်းထားတဲ့သူတွေ မဟုတ်လား။

အရှက်မရှိရုံတင်မက ၂ နှစ်ခွဲကျော်ကြာ သူတို့ကို ဆန့်ကျင်သူတွေအပေါ် အငြိုးတကြီးနဲ့ သတ်ချင်တိုင်း သတ်နေတာတောင် အခြေအနေက ပြေးပေါက်ရှာထားနိုင်မှ တော်ကာကျမယ့်ဘဝမို့ ကြောက်ကန်ရမ်းကား ပစ်ချင်တိုင်း ဆက်ပစ်ခတ်။ မြန်မာပြည်သူတွေအပေါ် အိမ်နီးချင်းကောင်း သိပ်ပီသရှာတဲ့ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းအစိုးရတို့က အတိတ်မေ့သလိုလို၊ ရွှေခွက် ပျောက်နေသလိုလို၊ သူတို့ပြည်သူ သူတို့ဘာသာ ပစ်သတ်တာကို ဝင်ပြောမိရင် သူများအိမ်တွင်းရေး ဝင်ပတ်သက်၊ ကျင့်ဝတ်နဲ့ မညီတာလိုလိုနဲ့ နှုတ်တင်းတင်းစေ့။ ကျန် လူစိတ်ရှိတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကတော့   ကန့်ကွက်ရှုတ်ချ လူမလုပ်သင့်တဲ့ကောင်တွေအဖြစ် လက်ညှိုး ငေါက်ငေါက်ထိုး။ မြန်မာစစ်ဗိုလ်ချုပ်တို့က အာဏာရရေးအတွက် ဘာပဲလုပ်ရ လုပ်ရ။ အာဏာက လွဲလို့ ဘာမှမသိ အရှက်မရှိ။ကြိုက်သလိုပြော ဂရုကိုမစိုက် ခေါင်းတစ်ချက်မကိုက်။

စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကလည်း မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်းပင် ကြေညာခဲ့တယ်။ ကဲ၊ သေဖို့ပင်ကောင်းလောက်တဲ့ အရှက်ကွဲမှု။ ကိုယ့်ကိုယ်ကိုယ် အစိုးရတရပ်လိုလို ဟိတ်ကြီးဟန်ကြီး ထုတ်နေသူတွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကမ္ဘာသိ သတ်မှတ်ခံရခြင်း ဆိုတာ အင်မတန့်၊ အင်မတန် ရှားရှားပါးပါး။

အာဆီယံလူထုဖိုရမ် ဆိုတာက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ  စုဝေးပြီး နှစ်စဉ် ကျင်းပတဲ့ဖိုရမ်ဆိုတော့ အာဆီယံနိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့တွေက စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့လို့ အပြင်းထန်ဆုံး ရှုတ်ချ သမုတ်လိုက်ခြင်း။ ရှက်တတ်မယ်ဆိုရင် စစ်ဗိုလ်ချုပ်တွေအနေနဲ့ နောင်ဘဝအခါခါ လူပြန်မဖြစ်ချင်တော့ပါကြောင်း ဆုတောင်းပြီးမှ ကိုယ့်နားထင်ကိုယ် စိတ်တုံးတုံးချ လက်ညှိုးကွေးပစ်ရမယ့်ကိန်း။

အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေဟာ အရပ်ဖက်အဖွဲ့တွေမို့ သံတမန်ရေးထိုးနှက်နိုင်အား နည်းပေမဲ့ ဘာပဲဖြစ်ဖြစ် အာဆီယံအရပ်ဘက်အဖွဲ့တွေက သူတို့လုပ်နိုင်စွမ်းအား အကုန်နဲ့ စစ်အုပ်စုကို ဆန့်ကျင်လိုက်ခြင်းဖြစ်သလို မြန်မာ့နွေဦးတော်လှန်ရေးအပေါ် အခိုင်အမာ ရပ်တည်ပြလိုက်ခြင်း ဖြစ်ပါတယ်။

အာဆီယံလူထုဖိုရမ်အပြီး စက်တင်ဘာ ၅ ရက်မှာ အာဆီယံထိပ်သီးအစည်းအဝေး စတင်တော့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗဒူလ်ခါဒီရာက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အာဆီယံကို တိုက်တွန်းကြောင်းဆိုတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် မလေးရှားအစိုးရရဲ့ သဘောထားကို မြန်မာရော နိုင်ငံတကာပါ ကြားအောင် ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ ဖန်တီးခဲ့တဲ့ အဟန့်အတားတွေကြောင့် ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းကြောင်း ပိတ်ဆို့နေတယ်လို့လည်း သူက ဆိုပါတယ်။ စစ်အုပ်စုကို ထိထိရောက်ရောက် အရေးမယူတာကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို မလေးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်သင့်မခံနိုင်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ သူ ပြောတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆိုတာ အာဆီယံနိုင်ငံ အားလုံးကို ဆိုလိုတာ မဟုတ်သလို ဘယ်နိုင်ငံတွေလဲဆိုတာ တိတိပပ မပြောခဲ့ပေမဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ကို ရည်ညွှန်းလိုဟန်တူပါတယ်။

ဒီလိုစကားတွေကို မီဒီယာပလက်ဖောင်းပေါ် ဘာလို့ ချပြရတာလဲဆိုတော့ သူတို့ရဲ့ သဘောထားတွေဟာ အာဆီယံအလံအဖြစ် ကိုယ်စားမပြုနိုင်ခြင်းကြောင့် မြန်မာ့အရေး သူတို့ရဲ့ သဘောထား ဘယ်လိုလဲဆိုတာ ထုတ်ဖော်လိုက်ခြင်းဖြစ်ပါတယ်။ မလေးရှားရဲ့အသံနဲ့ အလံဟာ နေပြည်တော်ကျည်လုံမှန်ခန်းထဲက စစ်ဗိုလ်ချုပ်တွေရဲ့နားထဲ ခပ်စူးစူးရောက်သွားမှာ သေချာပေမဲ့ စစ်ဗိုလ်ချုပ်တွေ ထမင်းစားမပျက်တာလည်း သိပ်သေချာပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ဆိုရင်လည်း ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ မြန်မာပြည်သူတွေဟာ စစ်တပ်အပေါ် လုံးဝအယုံအကြည်ကင်းမဲ့နေပြီလို့ ပြောကြားခဲ့ပါသေးတယ်။ အာဆီယံထိပ်သီးတွေနဲ့ လာတွေ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း မြန်မာပြည်သူတွေရဲ့ လိုလားမျှော်လင့်ချက်တွေကို နားထောင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်။

စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ ၅ ကြိမ်မြောက် နှစ်ပတ်လည်အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့တယ်။ အဲဒီအစီရင်ခံစာထဲမှာ အကြမ်းဖက်စစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုအကြိမ်ရေနဲ့ ပြင်းထန်မှု ပိုမြင့်တက်လာတယ်လို့  IIMM က ဆိုပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးခဲ့တယ်။ ပြည်သူ့နေအိမ်တွေနဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့တာတွေ ပိုတိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။ IIMM ရဲ့ အစီရင်ခံစာဟာ အားလုံးသိပြီးသားကိစ္စ အထူးသဖြင့် မြန်မာပြည်သူတွေ သိထားပြီးသားတွေဆိုပေမဲ့ ကမ္ဘာ့အဆင့် အဖွဲ့အစည်းတရပ်ရဲ့ အချက်အလက် အကိုးအကား စိတ်ချရတဲ့ အစီရင်ခံချက်ဖြစ်တာကြောင့် မြန်မာပြည်သူတွေနဲ့ မြန်မာမီဒီယာတွေရဲ့ မြန်မာ့အရေး ဖော်ပြချက်တွေဟာ အမှန်တွေဖြစ်ကြောင်း သိသာထင်ရှားစေပါတယ်။

IIMM အကြီးအကဲ Nicholas Koumjian က ရရှိထားတဲ့ အထောက်အထားတွေဟာ သိမ်းဆည်းထားဖို့သက်သက်မဟုတ်ဘဲ တရားရုံး၊ ခုံရုံးတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံး တင်တယ်ဆိုတာ အရေးပါတဲ့ ထိုးနှက်ချက်တရပ် ဖြစ်တာ သေချာပေမဲ့ ရှည်လျားထွေပြားလွန်းလှတဲ့ တရားရေးလုပ်ငန်းစ ဉ်အဆင့်ဆင့်က အချိန်သိပ်ကြာမှာမို့ လက်တွေ့ထိရောက်တဲ့ နည်းနာမဟုတ်ပါဘူး။ အထက်မှာပြောခဲ့တဲ့ သံတမန်ရေးထိုးနှက်ချက်တွေဟာလည်း အရှက်တရားမရှိတဲ့ စစ်ခေါင်းဆောင်တွေအတွက် ခေါင်းတစ်ခြမ်း ခဲလောက်စရာ မရှိပါဘူး။

အာဆီယံ ဆိုတာလည်း အာဆီယံမူတွေရဲ့ကြား မြန်မာ့အရေးဟာ ကြေညာချက်ထုတ် လေသံပြင်းပြရုံသာ တတ်နိုင်သလို ကုလသမဂ္ဂရော လုံခြုံရေးကောင်စီပါ သူ့အကန့်အသတ်၊ သူ့အပိတ်အဆို့တွေနဲ့ သူ မြန်မာ့အရေး လေလည်ပြရုံထက် မပိုနိုင်တာ အားလုံးမျက်မြင်ပါပဲ။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ရုန်းအားမှာ အမေရိကန်နဲ့အီးယူတို့ရဲ့ စစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုအချို့သာ အလုပ်ဖြစ်တာ တွေ့ရပါတယ်။ အဲဒီလိုအခြေအနေမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ်ရော်ဘတ်ဆင်က မြန်မာ့အရေးကို အာဆီယံတစ်ခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှာ မဟုတ်လို့ အမေရိကန်၊ အီးယူ အပါအဝင် မြန်မာ့အရေး ဖြေရှင်းဖို့ သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံတွေ စုစည်းပြီး ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ပြောကြားချက်က အင်မတန် လက်တွေ့ကျပါတယ်။ ကုလအတွင်းရေးမှူးချုပ်ကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး  နိုင်ငံတွေအားလုံး တူညီတဲ့ မဟာဗျူဟာ ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးလို ကုလသမဂ္ဂညီလာခံလို ထိပ်သီးတွေ တွေ့ကြဆုံကြတဲ့ပွဲတွေမှာ မြန်မာ့အရေး လူလုံးထွက်ပြပြီး ဟိန်းဟောက်ပြစ်တင် ရှုတ်ချနေခြင်းဟာ ဘာမှအလုပ်မဖြစ်ကြောင်း နှစ်ကာလနဲ့ ကျဆုံးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေက သက်သေပြပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာ့အရေး လက်တွေ့ကျတဲ့အလုပ်တွေ လုပ်နိုင်ဖို့ မြန်မာ့နွေဦးမိတ်ဆွေနိုင်ငံတွေရဲ့ စုစည်းမှုလိုပါတယ်။ နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာရဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လိုပါတယ်။ ငွေကြေးထောက်ပံ့ပေးကြဖို့လည်း အရေးတကြီးလိုနေပါတယ်။ လေနဲ့ပေးတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ရပေမဲ့ လေကိုတော့ အတတ်နိုင်ဆုံး လျှော့ပေးစေလိုပါတယ်။

နွေဦးမိတ်ဆွေနိုင်ငံတွေ စုစည်းမှုတစ်ခု ဖြစ်လာဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိတ်ဆွေ နိုင်ငံတွေဆီ မဟာဗျူဟာမြောက် ချဉ်းကပ်ဖို့လိုပြီ ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024