Home
မြန်မာသတင်း
ကမ္ဘာ့နိုင်ငံများ စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းနေချိန် မြန်မာက စိုက်ပျိုးပို့ကုန် တိုးမြှင့်ရန် ကြံစည်နေ
DVB
·
September 14, 2023

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံတချို့မှာ စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းနေတာကို  အခွင့်ကောင်းယူပြီး  မြန်မာနိုင်ငံအနေနဲ့   စိုက်ပျိုးရေး ပို့ကုန်တိုးမြှင့်ဖို့  စစ်ကောင်စီက ကြံစည်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေတဲ့ မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေကို ပြည်ပကို တိုးမြှင့်တင်ပို့ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ ကုန်သည်စက်မှု အသင်းချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက “အခုနှစ်သည် အပြင်းထန်ဆုံး အယ်လ်နီညိုဖြစ်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသက ခန့်မှန်းထားပါကြောင်း၊ အာဆီယံတောင်ပိုင်းနိုင်ငံများ အဓိကသက်ရောက်နိုင်ပြီး မြန်မာနိုင်ငံလည်း အယ်နီညိုဒဏ် ခံစားရမည့်ထဲ ပါဝင်ပါကြောင်း၊ နိုင်ငံတော်တော်များများက စားနပ်ရိက္ခာအတွက် ကောက်ပဲသီးနှံများ ဝယ်ယူစုဆောင်းနိုင်မယ့် အနေအထားဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များကို ဈေးကွက်အခြေအနေ မပြတ်လေ့လာစေလိုပါကြောင်း၊ ပို့ကုန် တင်ပို့ရာတွင် အမြတ်ရလိုမှု တခုတည်းမဟုတ်ဘဲ ဈေးကွက်တည်တည်ငြိမ်ငြိမ်နှင့် အရောင်းအဝယ်တခုတည်းကိုသာမက နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှုကိုလည်း ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း” ပြောခဲ့ပါတယ်။

အခု ၂၀၂၃ ခုနှစ်မှာ အစွန်းရောက်ရာသီဥတုလို့ မိုးလေဝသပညာရှင်တွေက ခေါ်ကြတဲ့ အယ်လ်နီညို အပူလွန်ဖြစ်စဉ်အားကောင်းမယ်လို့ ကမ္ဘာ့မိုးလေဝသဌာနတွေက ခန့်မှန်း ထုတ်ပြန်ထားပြီး နိုင်ငံအသီးသီးဟာ စားနပ်ရိက္ခာအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။

အခု စက်တင်ဘာလမှာပဲ အယ်လ်နီညိုဟာ အားကောင်းလာနေပြီဖြစ်လို့ နိုင်ငံတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပြည်ပကိုတင်ပို့တာ ကန့်သတ်နေကြပြီး မကြာခင်ကပဲ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ဆန်တင်ပို့တာကို ကန့်သတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ဆန်သိုလှောင်တာနဲ့ပတ်သက်လို့ မကြာသေးခင်ကပဲ စာရင်းတွေ ကောက်ယူနေပြီး ဒါဟာ ပြည်တွင်းစားသုံးဖို့ထက် ပြည်ပကို ပို့ဖို့ ကြိုးစားနေတာလို့ စိုက်ပျိုးရေးဈေးကွက် လေ့လာသူတယောက်က ပြောပါတယ်။

“အယ်လ်နီညိုကြားမှာ ပို့ကုန်တိုးဖို့ ဆိုတာထက်၊ လတ်တလော မတည်ငြိမ် ဖြစ်ခဲ့တဲ့ကာလမှာ မပို့လိုက်ရတာကို ပုံမှန်ပြန်ပို့ဖို့ ပြောတာလို့ ယူဆလို့ရပါတယ်။ ပုံမှန်ကာလလို ပဲက ၁ ဘီလီယံ ရရာကနေ ပိုရလာဖို့ဆိုတာတော့ ဖြစ်နိုင်ပါ့မလား။ စောင့်ကြည့်ရမှာပေါ့။ အယ်လ်နီညို သက်ရောက်မှုက သီးနှံသက်တမ်း ဘယ်လို အခြေအနေမှာ ဘယ်လောက်ထိခိုက်မလဲဆိုတာလည်း ကြည့်ရဦးမှာ” လို့ ပြောပါတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေကို ပြည်ပကိုပို့မှ ဈေးကောင်းရမှာဖြစ်ပေမဲ့ အခုလို စစ်တပ်အာဏာသိမ်းတဲ့ ကာလမှာတော့ ပြည်ပပို့ကုန်တွေရဲ့ အကျိုးအမြတ်ကို တောင်သူတွေ ရသင့်သလောက်မရဘူးလို့လည်း သူက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီဝန်ကြီးနဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကလည်း ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်း၊ သီးနှံတွေ ပို့ကုန်တိုးမြှင့်ဖို့ အခုက စတင်ပြီး လာမယ့်ရာသီအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးတာဟာ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေအတွက် အကျိုးရှိမှာရှိပြီး  အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြိုတင်ပြင်ဆင်ရမယ့် ကိစ္စတွေကို ပြင်ဆင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းတွေလည်း ရှိတယ်လို့ ပြောပါတယ်။

အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်လာတာ၊ မိုးရွာတာနဲ့ မုန်တိုင်းတွေ ပုံစံ မူမမှန်တာတွေဖြစ်လို့ အပူလွန်ခြောက်သွေ့တာမျိုး၊ မိုးကြီးရေလျှံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024