ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့မနက်စောစောက ရေကြီးရေလျှံပြီး အုတ်တံတိုင်းနဲ့ လူနေအိမ်ပြိုကျကာ လူ ၁ ဦးသေဆုံးသွားပါတယ်။
မနေ့ညက တညလုံးမိုးသည်းထန်ပြီး ဒီမနက် ၁ နာရီခွဲလောက်ကစ ရပ်ကွက် ၅ ထဲကို ရေတွေဝင်ရောက်လာတာမှာ အုတ်တံတိုင်းကပြိုပြီး လူနေအိမ် ၁ လုံး ပေါ်ပိကျလာကာ အိမ်ထဲရှိ လူ ၁ ဦးသေဆုံးသွားခဲ့တယ်လို့ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်မိုးမလင်းခင် ရေကြီးပြီး လျှပ်စစ်မီးတွေလည်းပျက်တော့ မှောင်မှောင်မည်းမည်းထဲမှာ ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲလုပ်ရတယ်ခင်ဗျ။ ရပ်ကွက် ၅ ထဲက နေအိမ်တလုံး ပြိုကျပြီး လူတယောက် အပျက်အစီးပုံတွေပိပြီး ဆုံးသွားတယ်။ နာမည်နဲ့ အသက်ကိုတော့ အလောင်း သယ်သွားတဲ့အဖွဲ့ပဲ သိမှာပါ။ နောက်ပြီး ကလေးတယောက် ပျောက်နေတယ်လို့လည်း ပြောတယ်၊ ရပ်ကွက် ၅ ထဲကပဲ၊ ရိုးရိုးပျောက်တာလား၊ ရေကြီးတဲ့ထဲ ပါသွားတာလားတော့ မသိဘူး။”
၅ ရပ်ကွက်ထဲမှာ တောင်ကျရေတွေရော၊ ဘယ်နားကနေ ရောက်လာမှန်းမသိတဲ့ ရေတွေပါ ပြည့်နေပြီး အနိမ့်ပိုင်းဖြစ်တဲ့ ရပ်ကွက် (၆) ၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၈) နဲ့ ရပ်ကွက် (၁၂) တွေဆီပါ ဆက်လက်စီးဆင်းသွားကြောင်းနဲ့ ဒီမနက်မှာတော့ ရပ်ကွက် ၅ ထဲကရေတွေ တဖြည်းဖြည်းပြန်ကျသွားပေမဲ့ အနိမ့်ပိုင်း ဘက်မှာတော့ ရေတွေ ဝပ်နေတုန်းပဲလို့ ဆိုပါတယ်။ လားရှိုးမှာ ပြီးခဲ့တဲ့နှစ်ကလည်း ရေကြီးလေ့ရှိပေမယ့် ဒီတခေါက်မှာ အခြေအနေပိုဆိုးလာကြောင်း၊ ရေကြီးရာနေရာတွေကို လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီး လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်း၊ ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်းတို့ကပါ ဝိုင်းဝန်းပြီး ပိုက်လုံးနဲ့ရေများစုတ်ထုတ်ခြင်း၊ လူနာတွေ၊ အိမ်ထောင်ပရိဘောဂနဲ့ မော်တော်ကား၊ ဆိုင်ကယ်စသည်တို့ကို သယ်ယူရွှေ့ပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့တယ်လို့ လူမှုကူညီရေး အသင်းက ပြောသွားပါတယ်။
Photo - လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့၊ လားရှိုးမြို့