ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ မြင့်မြတ်တဲ့စစ်ပွဲကို တိုက်ခိုက်နေတာဖြစ်ပြီး ၂ နိုင်ငံဟာ “နယ်ချဲ့ဝါဒ”ကို အတူတကွ တိုက်ပွဲဝင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ကရင်မလင်အကြီးအကဲ ဗလာဒီမာပူတင်ကို စက်တင်ဘာ ၁၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ မြောက်ကိုရီးယားရဲ့ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်စေဖို့က မြောက်ကိုရီးယားရဲ့ မယိမ်းယိုင်တဲ့ အနေအထားဖြစ်တယ်လို့ ပူတင်နဲ့ တွေ့ဆုံမှု အဖွင့်ပိုင်းမှာ ကင်မ်က ပြောပါတယ်။
နိုင်ငံတော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပေမဲ့ ခုလိုဖိတ်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ရုရှားနိုင်ငံကို ရောက်ရှိလာချိန်ဟာ ရုရှားနိုင်ငံရဲ့ အရမ်းအရေးကြီးတဲ့အချိန် ဖြစ်နေပြီး ရုရှားရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို အာကာသပါဝါအဖြစ် ကိုယ်တိုင် မျက်စိနဲ့ မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း ကင်မ်ဂျုံအန်းက ပြောပါတယ်။
ပူတင်ကလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအပြင် ဒေသတွင်းအခြေအနေတွေကိုပါ ဆွေးနွေးဖို့ လိုအပ်ကြောင်းနဲ့ ဆွေးနွေးစရာကိစ္စတွေလည်း အများကြီးရှိနေကြောင်း ပြောဆိုပါတယ်။
နိုင်ငံတကာမှာ ပိုပိုပြီး အထီးကျန်ဆန်လာနေတဲ့ ၂ နိုင်ငံ ခေါင်းဆောင်တွေအကြား ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေက အနီးကပ်စောင့်ကြည့်နေကြပြီး လက်နက်နဲ့ ကာကွယ်ရေးနည်းပညာတွေကို ရောင်းဝယ်ဖောက်ကားဖို့ သဘောတူနိုင်တယ်လို့ သံသယရှိနေကြပါတယ်။
Source/Photo-Reuters