Home
ဆောင်းပါး
နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်ဖို့ ညီညွတ်ရေးပျက်ပြားစေမယ့်တရားတွေ ရှောင်ကြဉ်ကြ
DVB
·
September 13, 2023

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၁ နှစ်ကျော် မင်းမူကြီးစိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ပြည်သူပြည်သားအများစုက ရင်းနှီးပေးဆပ်ခြင်းများစွာနဲ့ ဝိုင်းဝန်းအမြစ်ဖြတ် ချေမှုန်းနေကြတဲ့ နွေဦးတော်လှန်ရေးကြီးဟာ အခုဆို ပန်းတိုင်ကိုရောက်ဖို့ လက်တကမ်းကို ရောက်ရှိလို့နေပါပြီ။

စစ်အာဏာရှင် လူမိုက်တအုပ်ဟာ အခုဆို တိုင်းပြည်ရဲ့ နယ်နိမိတ် ၃၀ ရာခိုင်နှုန်းတောင် မစိုးမိုးနိုင်တဲ့အပြင် နေပြည်တော်လို သူတို့ရဲ့သားရဲတွင်း ဂူအနီးအနားမှာထိ တော်လှန်ရေး အင်အားစုတွေက ထိုးဖောက်ရောက်ရှိလို့ ခြိမ်းခြောက်လာနိုင်နေပြီ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှာ ဖယ်ကြဉ်ခံရပြီး အထီးကျန်လာတဲ့ စစ်အာဏာရူးတွေဟာ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ ရှိရှိသမျှ ကဏ္ဍအသီးသီးမှာ အရေးနိမ့်သထက် နိမ့်လာနေကြတာ အားလုံးမြင်နိုင်ပါတယ်။

ဒါပေမဲ့ ပန်းတိုင်နဲ့နီးလာတာနဲ့အမျှ ပန်းတိုင်မရောက်ခင် ကြားကာလမှာ ခြေချော်လက်ချော် မဖြစ်ဖို့ အထူးသတိထား ဆောင်ရွက်ရမယ့်ကာလ ဖြစ်ပါတယ်။ လက်နက်အားကိုး အကြမ်းဖက် ဗိုလ်ကျတတ်တဲ့ စစ်အာဏာရှင်ဆိုတာ လက်သည်းအစွယ်အားကိုးနဲ့ အားနည်းပြီး ကြောက်ရွံ့တတ်တဲ့ သားကောင်တွေ၊ မညီညွတ်တဲ့ သားကောင်တွေ၊ သင်းကွဲ သားကောင်တွေကိုသာ ကိုက်ဖြတ်စားသောက်တဲ့ သားရဲတိရစ္ဆာန် အရိုင်းအစိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီသားရဲတွေဟာ စုရုံးညီညွတ်တဲ့ သားကောင်တွေ၊ ရဲရင့်နိုးကြားတဲ့ သားကောင်တွေဆို အလွန်ကြောက်ရွံ့တတ်၊ အရှုံးပေး ထွက်ပြေးတတ်ကြပါတယ်။

ဒါကြောင့် ဒီကနေ့ ကမ္ဘာ့သမိုင်းမှာတောင် ကမ္ပည်းတင်ကျန်ရစ်မယ့် မြန်မာ့နွေဦးတော်လှန်ရေးထဲမှာ မိမိတို့ရဲ့ အသက်နဲ့ဘဝ၊ မိသားစုရဲ့ အသက်နဲ့ဘဝတွေကို ပုံအောပြီး ပါဝင်တော်လှန်နေကြတဲ့ အလွှာအသီးသီး၊ မျိုးဆက်အသီးသီးက တတ်သိနားလည်ကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးကို လေးနက်စွာ သတိပေးလိုတာက စစ်အာဏာရှင် သားရဲတိရစ္ဆာန်တွေ အကြောက်ဆုံးဟာ ပြည်သူလူထုရဲ့ စုရုံးညီညွတ်မှု ဆိုတာပါပဲ။ တော်လှန်ရေးအင်အားစု အားလုံးရဲ့ တခဲနက်သော ညီညွတ်မှုကသာ စစ်အာဏာရှင် သားရဲတိရစ္ဆာန်တွေကို အဆုံးသတ် ချေမှုန်းပေးမယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

တော်လှန်ရေးမှာပါဝင်ပြီး သမိုင်းပေးတာဝန်ကိုထမ်း၊ အချိန်ကြာလာတာနဲ့အမျှ ထိမိတိုက်မိကြတဲ့အခါ ကိုယ်ရဲ့အတ္တ၊ မာန်မာနတွေ၊ ယုံကြည်မှု၊ ကိုယ်ကျင့်တရားကို ထိခိုက်မိတတ်ပါတယ်။ အဲ့ဒီအခါ သတိလက်လွတ်ဖြစ်ပြီး အချင်းချင်း ညီညွတ်မှုမရှိတော့ဘဲ သွေးကွဲတဲ့အခါ စစ်အာဏာရှင် သားရဲကြီးတွေ ဝမ်းသာကြ၊ စားဖို့သောက်ဖို့ ပါးစပ်ပြင်လာကြပါတယ်။ သင်းကွဲတဲ့သားကောင်တွေကို ရှာဖွေပြီး ကိုက်ဖြတ်စားသောက်တော့မှာ အသေအချာပါပဲ။

ဒါကြောင့်မို့လို့လည်း စစ်အာဏာရှင် သားရဲတိရစ္ဆာန်တွေဟာ ပြည်သူလူထုအတွင်း သူတို့အာဏာကို ဆန့်ကျင်တဲ့ တစုတရုံးတည်းသော အင်အားစုကြီး မဖြစ်ပေါ်အောင်၊ ညီညွတ်မှု မတည်ဆောက်နိုင်အောင်၊ သင်းကွဲသားကောင်တွေ ထွက်ပေါ်လာအောင် စည်းလုံးမှုကိုဖြိုခွဲဖို့ လူမျိုးရေးခွဲခြားနှိမ်ချမှု၊ ဘာသာရေးခွဲခြားနှိမ်ချမှုတွေပြုပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးကြရုံတင်မက တော်လှန်ရေးအင်အားစုများအကြား သွေးကွဲအောင် အာဏာ၊ ငွေကြေး၊ လုပ်ပိုင်ခွင့်တွေနဲ့ ဖြားယောင်း ဖျက်ဆီးခဲ့ကြပါတယ်။

သူတို့ရဲ့ ထောက်လှမ်းရေး သူလျှို ဒလံတွေကို စေလွှတ်ပြီး တော်လှန်ရေးအင်အားစုတွေကြား သပ်လျှိုသွေးခွဲမှုတွေလုပ်ဖို့ စေခိုင်းကြမှာ အသေအချာပါပဲ။ နွေဦးတော်လှန်ရေးကို တစိုက်မတ်မတ် လိုက်ပါဝိုင်းရံပေးနေကြတဲ့ လူထုကြားမှာ ‌နာမည်ကျော်ကြားကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေအကြားမှာ ပွတ်တိုက်ထိခိုက်မိပြီး ပြဿနာတွေ ပေါ်လာခဲ့ရင်လည်း ‌‌‌‌‌‌‌‌ကြားကနေ မီးလောင်ရာ လေပင့်ပေးတတ်ကြပါတယ်။

ဒါကြောင့် ပြည်သူ့ဘက်တော်သားအချင်းချင်း အပြန်အလှန် နားလည်ခွင့်လွှတ်ပြီး နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ အတူတူ လက်တွဲပန်းဝင်နိုင်ဖို့ အချင်းချင်း စည်းလုံးမှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ညီညွတ်မှုကို ပျက်ပြားစေမယ့် အောက်ပါတရား ၆ ပါးကို ရှောင်ကြဉ်နိုင်ကြဖို့ အထူးသတိပေး ရေးသားလိုက်ပါတယ်။

၁။ ကောဓ ဥပနာဟ - မခံချင်စိတ် အငြိုးအတေး

လူတိုင်းမှာ အနိုင်မခံ အရှုံးမပေးလိုစိတ် အနည်းနဲ့အများ ရှိကြပါတယ်။ အဲ့ဒီစိတ်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်ဘူး၊ အသိတရားနဲ့ မထိန်းချုပ်နိုင်ဘူးဆိုရင် မခံချင်စိတ်တွေ၊ အငြိုးအတေးတွေ ထားမိပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ကြီးထွားလာတတ်ပါတယ်။

၂။ မက္ခ ပလာသ - ကျေးဇူးမတင်နိုင်၊ သူတပါးက ကိုယ့်ထက်သာတာကို အသိအမှတ်မပြုနိုင်

လူဆိုတာ အတ္တကိုယ်စီပါစမြဲပါပဲ။ ကိုယ့်ထက်သာမှာကို မနာလိုဖြစ်တတ်တာ၊ အရာရာ ကိုယ်သာလျှင် အသာဆုံး ဖြစ်ချင်တတ်ပါတယ်။ အဲဒီစိတ်က အစွန်းရောက်လာတဲ့အခါ  သူတပါးက ကိုယ့်ထက်သာတာကို အသိအမှတ်မပြုနိုင်၊ မချီးမွမ်းနိုင်၊ အသိအမှတ် မပြုနိုင်တော့တာမို့ သူ့ထက်သာချင်စိတ်ကြီးပြီး စိတ်ယုတ်စိတ်ညံ့တွေနဲ့ ကြံစည်လာတတ်ပါတယ်။ သမ္မတရူး မင်းအောင်လှိုင်နဲ့ဇနီး ကြူကြူလှတို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မက္ခပလာသဖြစ်ပြီး ဂုဏ်တုဂုဏ်ပြိုင်ပြုတဲ့ အမှားတွေ ကျူးလွန်မိကြတာ ဖြစ်ပါတယ်။

၃။ ဣဿာမစ္ဆရိယ - သူတစ်ပါးကြီးပွားတာကို မနာလို မရှုဆိတ်ဖြစ်တာ၊ ကိုယ်သာလျှင် ကြီးပွားချင်တာ

ဒါကလည်း ကိလေသာစိတ် ကြီးမားတဲ့ ပုထုဇဉ်လူသားတွေမှာ အမြဲဒုက္ခပေးတဲ့ စိတ်ယုတ်စိတ်ဆိုးပါပဲ။ သူတပါးကျော်ကြားနေတဲ့အပေါ် မနာလိုတတ်တာ၊ သူများ ကြီးပွားချမ်းသာတာကို မရှုဆိတ်နိုင်တာကြောင့် အပြောမှား၊ အလုပ်မှား အကြံအစည် မှားတတ်ပါတယ်။

၄။ မာယာသာဌေယျ - အပြစ်ကိုဖုံးကွယ်လိုမှု၊ မရှိတာကို ရှိဟန်ဆောင်မှု

လူဆိုတာ သူတပါးအပြစ်ကိုသာ မြင်နိုင်ပေမယ့် ကိုယ့်အပြစ်အနာအဆာကို မမြင်တတ်ပါဘူး။ ပိုညံ့တဲ့လူများကတော့ ကိုယ့်အပြစ်ကိုယ် မြင်တတ်‌ရင်တောင် ဖုံးကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ကိုယ့်မှာမရှိတဲ့ အရည်အချင်း၊ ကိုယ့်မှာမရှိတဲ့ ဂုဏ်သတင်းကို ရှိသယောင် ဟန်ဆောင်ကြတဲ့အခါ မိမိအသိုင်းအဝိုင်းအတွင်း ညီညွတ်မှုကို ပြိုကွဲစေတတ်ပါတယ်။

၅။ ပါပိတ္ဆ မိစ္ဆာဒိဋ္ဌိ - ယုတ်မာတဲ့အလိုဆန္ဒတွေနဲ့ မှားယွင်းသောအတွေးအခေါ်

မှားယွင်းတဲ့ အတွေးအခေါ်နဲ့ ယုတ်ညံ့တဲ့ အလိုဆန္ဒရှိခြင်းကတော့ အဆိုးဝါးဆုံးဖြစ်ပြီး ညီညွတ်မှုကို ဖြိုကွဲစေနိုင်တဲ့ အဓိကအကြောင်းတရားတရပ် ဖြစ်ပါတယ်။ ဖြတ်လမ်းနည်းနဲ့ အာဏာ၊ ရာထူး ရယူချင်တာ၊ ကိုယ့်မှာ အရည်အချင်းမပြည့်မီဘဲ ကိုယ်ရထိုက်တယ်လို့ မှားယွင်းစွာ တွေးခေါ်ပြီး ဇွတ်အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားကြတာဟာ ပါပိတ္ဆ ဖြစ်တာပါပဲ။ မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံ လူမိုက်တသိုက် ဖြစ်တာဟာ အဲ့ဒီ ပါပိတ္ဆပါပဲ။

၆။ သံဒိဌထ ပရာမာတီ အာဒါနဂ္ဂါဟီ ဒုပ္ပတိ နတ္တဂီ - ကိုယ့်အယူအဆတရပ်ကို မှားယွင်းစွာ သုံးသပ်မှု၊ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားမှု၊ စွန့်လွှတ်နိုင်ခဲဖြစ်မှု

လူတိုင်းဟာ သူတို့ဖြတ်သန်းကြီးပြင်းလာတဲ့ ဝန်းကျင်၊ သူတို့ရဲ့ လေ့လာအားထုတ်မှတ်သားမှု၊ ပါရမီဖြည့်ဆည်းမှုတွေပြုရင် ရရှိလာတဲ့ အသိဉာဏ်စဉ်အဆင့်ကနေ ပြဋ္ဌာန်းလိုက်တဲ့ အတွေးအခေါ် အယူအဆ၊ ကိုယ်ပိုင်အမြင် ရပ်တည်ချက်တွေ ကွဲပြားစွာ ရှိတတ်ပါတယ်။ အများအားဖြင့် လူတိုင်းမှာ အတ္တ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ကိုယ်စီနဲ့မို့ ကိုယ့်အယူအဆကိုသာ မှန်တယ်လို့ ထင်တတ်ကြပါတယ်။ ကိုယ်ဆွဲကိုင်တဲ့ အယူအဆတရပ်ကို ဝိဘဇ္ဇမပါဘဲ မှားယွင်းစွာ သုံးသပ်မိပြီး တရားသေဆုပ်ကိုင်မိသူဟာ အမှန်တရားနဲ့ ကင်းကွာလာတာနဲ့အမျှ တခြားသူများနဲ့ ပြဿနာတွေတက်ပြီး ညီညွတ်မှု ပြိုကွဲစေတော့တာပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဂန္ထဝင်တင်မယ့် မြန်မာနွေဦးတော်လှန်ရေးကြီးထဲမှာ အသက်နဲ့ ဘဝတွေ စွန့်လွှတ်ပြီး သမိုင်းပေးတာဝန် ထမ်းဆောင်နေကြတဲ့ တော်လှန်ရေးအင်အားစု အချင်းချင်းထဲမှာ ပန်းတိုင်ရောက်လုနီးခါမှာ မြင်းကောင်းခွာလိပ် မဖြစ်စေဖို့၊ ကိုယ်လှော်နေတဲ့ တက်မကျိုးစေဘို့၊ မိမိကြိုးပမ်းခဲ့သမျှ အားထုတ်မှု အလုပ်အကိုင်တွေ အချ‌ည်းအနီးဖြစ်ပြီး နိုင်ငံရေး အဟောသိကံ မဖြစ်စေဘို့ အပေါ်မှာရေးသားခဲ့တဲ့ ညီညွတ်ခြင်းကို ပျက်ပြားစေမယ့် တရားတွေ ရှောင်ကြဉ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့၊ တော်လှန်ရေးအင်အားစုအချင်းချင်း ပိုမိုစည်းလုံးနိုင်ကြဖို့၊ သမိုင်းဝန်ထမ်းရွက်ရင်း လုပ်ရင်းကိုင်ရင်း ထိတိုက်မိရင်တောင် အချင်းချင်းကြားမှာ ကြီးတဲ့အမှုသေးစေ၊ သေးတဲ့အမှု ပပျောက်စေအောင် နားလည်ခွင့်လွှတ်နိုင်တဲ့ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ ကြီးကြီးထားနိုင်ကြပါစေကြောင်း ရည်သန်ဆန္ဒမွန်ပြု တိုက်တွန်းအပ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024