Home
မြန်မာသတင်း
မြန်မာ့သကြားကို ဗီယက်နမ် ဝယ်ယူမည်
DVB
·
September 13, 2023

မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ သကြားတွေကို ဝယ်ယူဖို့ ဗီယက်နမ်နိုင်ငံက ကမ်းလှမ်းထားတယ်လို့ ကြံစိုက်ပျိုးရေးနဲ့ သကြားထုတ်လုပ်သူတွေဆီက သိရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ပြည်တွင်းသကြားလိုအပ်ချက် ရှိတာကြောင့် မြန်မာအပါအဝင် ထိုင်း၊ အိန္ဒိယတို့ထံက သကြားတွေ တင်သွင်းနေရတယ်လို့ ဗီယက်နမ် ကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဗီယက်နမ်ရဲ့ သကြားဝယ်ယူဖို့ ကမ်းလှမ်းမှုကို မြန်မာ့သကြားနဲ့ ကြံဆက်စပ်ထုတ်ကုန်များအသင်း (MSCA) ကလည်း လက်ခံလိုက်ပြီလို့ သကြားထုတ်လုပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့ MSCA ကို ဆက်သွယ်ကြည့်တော့ လက်ခံထားတယ်လို့ ပြောပါတယ်။ အခုလက်ရှိတော့ သကြားပို့မယ့်ကုမ္ပဏီ မရှိသေးပါဘူး။ ကြံကြိတ်ရာသီရောက်မှပဲ ပို့ဖြစ်တော့မှာပါ။ ဗီယက်နမ်ရဲ့ ကမ်းလှမ်းမှု အခြေအနေကို ပြောရရင် သူတို့က မြန်မာ့သကြားကို နှစ်စဥ်ဝယ်ပေးနေတဲ့နိုင်ငံ ဖြစ်နေတယ်။ သူတို့ဝယ်ယူမှုမရှိတော့ရင် မြန်မာ့သကြားက ပြည်တွင်းတခုပဲ အားကိုးရတော့မှာလေ။ အခု တခြား ဆွေးနွေးနေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။”

မြန်မာ့သကြားကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

မြန်မာ့သကြားကို ပြည်ပနိုင်ငံတွေက ဝယ်ယူဖို့ ကမ်းလှမ်းမှုများတာကြောင့် ကြံကြိတ်ရာသီရောက်ရင် သကြားစျေးမြင့်နေသလို ကြံစျေးလည်း မြင့်တက်ဖို့ လိုအပ်နေတယ်လို့ စျေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကြံစျေးဟာ လက်ရှိမှာ တတန်ကို ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၁၀,၀၀၀ အထိ ဖွင့်ထားပေမဲ့ တောင်သူတွေက တတန်ကို ကျပ် ၁၃၀,၀၀၀ အထိ ရနိုင်မှ တွက်ခြေကိုက်မယ်လို့ ကြံစိုက်သူတဦးက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ တနှစ်ကို သကြားတန်ချိန် ၄ သိန်းခွဲကျော် ထွက်ရှိပြီး ပြည်တွင်းစားသုံးပြီး ပိုလျှံတဲ့သကြားကို ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကို တင်ပို့တယ်လို့ သကြားနဲ့ ကြံထွက်လုပ်ငန်ရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ သကြားတန်ချိန် ၅၀,၀၀၀ ကျော်သာရှိပေမဲ့ ကြံကြိတ်ရာသီ ဒီဇင်ဘာ မရောက်မီအထိ လုံလောက်မှုရှိတယ်လို့ သကြားနဲ့ ကြံထွက်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024