Home
နိုင်ငံတကာ
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ဂျပန် ပြင်းပြင်းထန်ထန်ကန့်ကွက်
DVB
·
September 13, 2023

ပြုံယမ်းရဲ့ နောက်ဆုံးပေါ် ဒုံးကျည်ပစ်လွှတ်မှုအပြီးမှာ ဂျပန်က မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန် ဟိရိုကာဇု မတ်ဆူနို က စက်တင်ဘာ ၁၃ ရက်မှာ  ပြောကြားပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းမှာရှိတဲ့ သံရုံးတွေကနေတဆင့် မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်လို့ ဂျပန်အစိုးရအဖွဲ့ အကြီးအကဲ အတွင်းရေးမှူး မတ်ဆူနိုက ပြောပါတယ်။

ဒုံးကျည် ၂ စင်းစလုံးဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အပြင်ဘက် ပင်လယ်ပြင်မှာ ကျရောက်ခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပြီး တိုကျိုဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုနဲ့ တုံ့ပြန်မယ်လို့လည်း ဆိုပါတယ်။

“အစိုးရအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား အပါအဝင် နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ သတင်းအချက်အလက်တွေ စုဆောင်း ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ သတိပေးချက် စောင့်ကြည့်မှုတွေမှာ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” လို့လည်း ပြောသွားပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှ ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေနဲ့ ဂျပန် ကမ်းခြေစောင့်တပ်တို့က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတွေ့ဆုံမီ နာရီပိုင်းအလို စက်တင်ဘာ ၁၃ ရက်က မြောက်ကိုရီးယားရဲ့ အရှေ့ဘက် ကမ်းရိုးတန်းကနေ ဒုံးကျည်တစ်စင်းထက်မနည်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေနဲ့ ဂျပန်ကမ်းခြေစောင့်တပ်တို့က ပြောပါတယ်။

ဒုံးကျည်ရဲ့ အရွယ်အစား ဒါမှမဟုတ် အကွာအဝေးတို့လို အသေးစိတ်အချက်အလက်တွေကို ချက်ချင်း မထုတ်ပြန်သေးပါဘူး။

ဒုံးကျည်ပစ်လွှတ်ကြောင်း သတိပေးချက်ထုတ်ပြန်အပြီးနောက် ငါးမိနစ်လောက် အကြာမှာ ဒုံးကျည်က ပြုတ်ကျခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ရုရှားနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယား တို့ကြား မကြာသေးမီက ပိုမိုနီးကပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။

ကင်ဂျုံအန်းရဲ့ အခုခရီးစဉ်ဟာ ၂၀၁၉  ခုနှစ်တုန်းက သူ့ရဲ့ နိုင်ငံခြားခရီးစဉ် နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တဲ့ ပူတင်နဲ့ ဒုတိယအကြိမ် ထပ်တွေ့မယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024