Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ရေကြီး၊ မိုးညိုမြို့နယ်၌ ရေဘေးသင့်ပြည်သူ ၂၀၀ ကျော် အကူအညီလိုအပ် 
DVB
·
September 12, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းလို့ စက်တင်ဘာ ၁၁ ရက် ညနေဘက်ကစပြီး ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မိုးသည်းထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ဟံဂံကျေးရွာအတွင်း အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်ကြတဲ့ ရပ်ကွက် ၂၊ ၃၊ ၇၊ ၈ အပိုင်းတွေမှာ ရေဝင်ရောက်မှုရှိနေပြီး ရွာလယ်လမ်းပေါ်မှာကို ရေက ၂ ပေလောက် ရှိနေတာပါ။ ပင်လယ်ရေတက်ချိန်နဲ့ဆုံရင် မိုးကလည်း မနားဘူးဆို ရေက ဒီထက်များလာနိုင်တယ်” လို့ ပြောပါတယ်။

ရေးမြို့နယ် ဟံဂံကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကတကြိမ်၊ ဇူလိုင် ၂၉ ရက်က တကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အခုအကြိမ်ဟာ တတိယအကြိမ်မြောက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာပါ။

ရေကြီးမှုကြောင့် ဒေသခံတွေ နေအိမ်ကနေ ထွက်မရတော့ဘဲ နီးစပ်ရာ ရေဘေးလွတ်ရာ နေအိမ်တွေမှာ ပြောင်းရွှေ့နေရတာပါ။ ရွာမှာ အိမ်ခြေ ထောင်နဲ့ချီရှိတဲ့ ရွာကြီးဖြစ်သလို မွန်လူမျိုးတွေ အများဆုံး နေထိုင်ကြပါတယ်။

ပဲခူးတိုင်း၊ မိုးညိုမြို့အနောက်ဘက်ရှိ ကျေးရွာနှစ်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ရေဘေးသင့်ပြည်သူ ၂၀၀ ကျော် စားသောက်ရေးနဲ့ ကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေထံက သိရပါတယ်။

မိုးညိုမြို့နယ် သဲရိုးရွာ-၁ ရှိ အိမ်ခြေ ၂၀ ကျော်နဲ့ သဲရိုးရွာ-၂ ရှိ အိမ်ခြေ ၃၀ ကျော်ဟာ သြဂုတ် ၂၀ ရက်ကတည်းက ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ရေကြီးနေပြီး လက်ရှိအချိန်အထိ ရေပြန်မကျသေးဘူးလို့ ဒေသခံ ပရဟိတသမားတဦးက ပြောပါတယ်။

“မိုးညိုမြို့အနောက်ဘက်က ရွာတွေ အကုန်ရေကြီးနေတယ်။ သဲရိုး-၁ နဲ့ ၂ က အနိမ့်ပိုင်း ရောက်နေတဲ့အတွက် ကျန်တဲ့ရွာတွေနဲ့စာရင် ရေဘေးပိုခံရတယ်။ ပုံမှန်ဆို ရွာက တရွာတည်း။ ချောင်းခြားထားတဲ့အတွက် နှစ်ရွာပုံစံ ဖြစ်သွားတာ။ ရေကြီးနေတာကလည်း ရက် ၂၀ ကျော်နေပြီ။ ရေက မကျသေးသလို ဘယ်မှ သွားလို့လာလို့လည်း မရဘူး။ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလက်ရှိထိ ကူညီပေးနေတဲ့သူတွေလည်း နည်းနည်းပဲရှိတယ်။”

ကျေးရွာနှစ်ရွာရှိ လူဦးရေအများစုဟာ အသက်ကြီးတဲ့သူတွေဖြစ်ပြီး လက်လုပ်လက်စားတွေ ဖြစ်တာကြောင့် အစားအသောက်၊ သောက်ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

“အခုက ချောင်းရေကိုပဲ ကျိုချက်ပြီး သောက်နေရတော့ ရောဂါဖြစ်မှာလည်း ကြောက်နေရတယ်။ အဓိကက ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်တယ်။ ပြီးတော့ အစားအသောက်ပေါ့။ ညီမတို့ အစားအသောက်တွေ သွားလှူတုန်းကဆို တချို့သူတွေဆို ပျော်လွန်းအားကြီးတော့ ရေထဲထိ ဆင်းယူတယ်။ သမီးတို့ လာမယ်ဆိုတာတောင် မရဘူး။ အရင်က အကူမရခဲ့ဘူး ထင်တယ်။ ကျေးဇူးတင်စကားတွေလည်း အများကြီးပြောတယ်။ ရေကြီးတာက ရက် ၂၀ ကျော်ပြီဆိုတော့ သူတို့လည်း ခက်ခဲလာတာပေါ့။”

၂၀၂၀ ပြည့်နှစ်ကလည်း မိုးညိုမြို့အနောက်ဘက်ရှိ ကျေးရွာတွေမှာ ဧရာဝတီမြစ်ရေ တက်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော်က လူဦးရေ ၅၀၀ နီးပါး ရေဘေးသင့်ခဲ့ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာက အားအလွန်ကောင်းနေတဲ့အတွက် လာမယ့် ၂ ရက်အတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးပိုလာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024