Home
မြန်မာသတင်း
မိုးစပါးသစ်ပေါ်ချိန် စပါးစျေးထိုးကျပြီး အရှုံးပေါ်မှာကို တောင်သူများ စိုးရိမ်
DVB
·
September 12, 2023

မြန်မာပြည်တွင်းမှာ ပြည်ပဆန်တင်ပို့တာကို စက်တင်ဘာလကုန်နဲ့  အောက်တိုဘာလမှာ ဆက်ပြီး ကန့်သတ်ထားရင် ဈေးနှိမ်ခံရဖွယ်ရှိပြီး ဆန်စျေးထိုးကျ အရှုံးပေါ်မှာကို  တောင်သူတွေက စိုးရိမ်နေကြပါတယ်။

တဖက်မှာ စားသုံးသူတွေက ဆန်ဈေးကျစေချင်သလို တဖက်မှာလည်း တောင်သူတွေဟာ သွင်းအားစု စိုက်ပျိုးစရိတ် ကြီးမြင့်တာကြောင့် အရှုံးပေါ်မှာ စိုးရိမ်နေကြတာပါ။

ဒါ့ကြောင့် မိုးစပါးသစ်လှိုင်လှိုင်ပေါ်ချိန်မှာ စပါးစိုက်တောင်သူတွေ အရှုံးမပေါ်ရအောင် ဆန် export ပြန်ဖွင့်တာ၊  တောင်သူတွေဆီက စပါးကို ဖြစ်သင့်တဲ့ စျေးတစ်ခုနဲ့ နိုင်ငံတော် အရန်ဆန်အဖြစ် ဝယ်ယူတာတွေ လုပ်ဆောင်သင့်တယ်လို့  တောင်သူအချို့က ထောက်ပြကြပါတယ်။ 

ဧရာ၀တီတိုင်းက စပါးစိုက်တောင်သူတစ်ဦးက “အောက်တိုဘာလလယ်မှာ ဗမာပြည်အောက်ပိုင်းမှာရှိတဲ့ တောင်သူတွေရဲ့ ဧည့်မထ စပါးတွေက အလုံးနဲ့ အရင်းနဲ့ ပေါ်လာမှာဖြစ်တဲ့အတွက်အဲချိန်မှာ Export ပိတ်ထားရင်  စျေးနှိမ်ခံရမယ်။ တောင်သူတွေအတွက် နစ်နာသွားမယ်။    ဒါ့ကြောင့်မလို့ အဲဒီချိန်မှာ  Export ပြန်ဖွင့် ပေးဖို့လို အပ်တယ်။ နိုင်ငံတော်က အရန်ဆန် ဝယ်မယ်ဆိုလည်း အဲဒီချိန်မှာ ဝယ်ပေးဖို့ လိုအပ်လိမ့်မယ်” လို့ ပြောပါတယ်။

‌ဒါ့အပြင် တောင်သူတွေ ထိုက်သင့်တဲ့ အကျိုးအမြတ်ရှိမှသာ လာမယ့် စိုက်ပျိုးရာသီမှာ အခက်အခဲမရှိ ဆက်လက် စိုက်ပျိုး ထုတ်လုပ်နိုင်မယ်လို့လည်း တောင်သူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီ ဘက်ကတော့ ဆန်စျေးကျအောင်ဆိုပြီး  စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြည်ပ ဆန်တင်ပို့မှုနဲ့ ပက်သက်ပြီး ကန့်သတ်မှုတွေ လုပ်နေပြီး မိုးစပါးပေါ်ချိန် ဆန်စျေးကျဖို့လည်း မျှော်လင့်နေပါတယ်။

ဆန်ကုန်သည်တယောက်က “ဆန်တင်ပို့တာကို ပိတ်တာတော့ မဟုတ်ဘူး။ ဒီအောက်တိုဘာလမှာ ပထမတော့ လိုင်စင်အသစ်ထပ် ထုတ်မပေးဘူးပေ့ါ။ လိုင်စင်အဟောင်းတွေတော့ ဆက်လက်တင်ပို့ခွင့်ရှိတယ်။ နောက် အခုကြားတာကတော့  သူတို့က  ပြည်ပ ပို့ဖို့ ဆန်ဝယ်ယူထားပြီးရင်တော့ တင်ခွင့်ပေးမယ်ဆိုတဲ့ အစီအစဉ်မျိုးလည်း ရှိတယ်ဗျ” လို့ ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စပါးစိုက်ပျိုးရာမှာ  အလုပ်သမားငှားရမ်းခ၊ ထွန်ယက်ခနဲ့ စိုက်ပျိုးစရိတ်တွေအပါအဝင် သွင်းအားစုတွေအတွက် တောင်သူတွေ ပိုကုန်ကျမှုရှိခဲ့သလို တစ်ဖက်မှာလည်း ပြည်တွင်းဆန်စျေး ကြီးမြင့်နေတာကြောင့် ဆန်အစား ဆန်ကွဲပြောင်းစားလာရတဲ့  ပြည်သူတွေလည်း ရှိလာပါတယ်။

ဆန်စပါးကုန်သည်တဦးက “စပါးကလည်း ဖြစ်သင့်တဲ့စျေးထက်တော့  အများကြီးများ‌နေတယ်။ စျေးတက် ဝယ်တုန်းကလည်း မတရားကြီးကို တက်ဝယ်ထားကြတာ။ စပါးက အသစ်ပေါ်လည်း ဒီပုံအတိုင်း ဆက်သွားရင်တော့ ဆန်စျေး စပါးစျေးက မကျနိုင်ဘူးဗျ။ စပါးစိုက်စရိတ်နဲ့ ဘယ်လောက်လောက်တော့ ဖြစ်သင့်တယ်ဆိုတဲ့ စျေးအပေါ် မူတည်ပြီး ကျတဲ့ဘက်က ပြန်ချပေးမှ ရမယ်။ စပါးပေါ်တဲ့ အချိန်မှာ စပါးစျေး မကျ အောင် အများကြီး ထပ်ပေး‌နေလည်း စားရတဲ့ပြည်သူကကျ တောက်လျှောက်ကြီး အတက်ချည်း ပြန်ဖြစ်နေမှာ ပေါ့ဗျာ” လို့ မှတ်ချက် ပြုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ စစ်ကောင်စီရဲ့ လမ်းညွှန်ချက်အရ ကုန်စည်ဒိုင်တွေမှာ ရောင်းချရမယ့် ဆန်ရည်ညွှန်းစျေးကို ပေါက်စျေးထက် လျှော့ချ သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဆန်စျေးကွက်အတွင်း မှောင်ခိုစျေးတွေနဲ့ အရောင်းအဝယ်တွေ ပြုလုပ်လာကြပြီး သတ်မှတ်ဈေးက တမျိုး၊ ဈေးကွက်အတွင်း ရောင်းဈေးက တမျိုးဖြစ်လာပြီး ပြည်သူတွေဝယ်စားနေရတဲ့ ဆန်လက်လီစျေးတွေကတော့ ကျဆင်းသွားခြင်း မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း စစ်ရေး ပဋိပက္ခတွေနဲ့  နယ်မြေ မအေးချမ်းမှုတွေက တိုင်းနဲ့ပြည်နယ်တချို့မှာ စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုကို လျော့ကျစေခဲ့သလို၊  လျှပ်စစ်မီး ပုံမှန်မရရှိတာ၊ သယ်ယူပို့ဆောင်ခ နှုန်းထားတွေ မြင့်တက်လာတာကလည်း ပြည်တွင်းဆန်စျေး မြင့်တက်ဖို့ အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဆန်စပါးလှောင်လက်တွေ၊ ဆန်ပိုင်တွေနဲ့ ဆန်ရောင်းချသူတွေရဲ့ အဖက်ဖက်က  စျေးဆွဲတင် မှုတွေကြောင့်လည်း  ပြည်တွင်းဆန်စျေးက ဖြစ်သင့်တာထက် ပိုမြင့်တက်နေတာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024