Home
မြန်မာသတင်း
မြိတ်မြို့ အမြန်ရေယာဉ် ၁ စီးပေါ်  ဘိန်းစာမှုန့်များတွေ့သဖြင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ
DVB
·
September 12, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ယောကြီးဝဆိပ်ခံဘောတံတားမှာ လာရောက်ရပ်နားတဲ့ အမြန်ယာဉ်ပေါ်က ဝန်ထမ်း ၂ ဦးကို  စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၀ ရက်မနက်မှ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အဆိုပါ အမြန်ရေယာဉ်မှာ တနင်္သာရီမြို့နယ် ပဝကျေးရွာဘက်ကနေ မြိတ်မြို့ကို ထွက်ခွာလာတာဖြစ်ပြီး ဆိပ်ကမ်းကပ်တဲ့အချိန်မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အမြန်ရေယာဉ်ထဲ ပါလာတဲ့ ပစ္စည်းထုတ်တွေထဲကနေ ပိုင်ရှင်မဲ့ပစ္စည်း ဘိန်းစာမှုန့် အထုပ် ၃ဝ နဲ့ ဘိန်းထည့်ထားတဲ့ ကိုကာလာကိုဗူး ၁ ဘူးကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အမြန်ရေယာဉ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်နိုင်တယ်လို့‌ ပြောပါတယ်။

ပဝဒေသခံတဦးက "သူတို့က လှေရှင်တွေလေ။ ဘယ်သူ့ဟာမှန်းမသိတော့ သူတို့မှာ‌ ဖြေရှင်းနေရတာ။ ပစ္စည်းတင်ပေးပြီးတော့ လာဖမ်းခိုင်းတဲ့သဘော၊ ချောက်ချခံရမျိုးဖြစ်နေတာ" လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ တနင်္သာရီမြို့နယ် ပဝကျေးရွာနေ စာရေးမ ၁ ဦးနဲ့ သာရဖုံ (အနောက်) ကျေးရွာက အမြန်ယာဉ်မောင်းအမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး မြိတ်မြို့ရဲစခန်းကို‌ ခေါ်‌ဆောင်သွားတယ်လို့ သိရပါတယ်။

သာရဖုံရွာသားတဦးက "သူတို့လှေမှာ ပါလာတယ်ဆိုတော့ သူတို့တာဝန်ရှိသလို ဖြစ်သွားတာပါ။ လှေထဲမှာတွေ့တာဆိုတော့ တခါတည်းဖမ်းလိုက်ထင်တယ်။ သူတို့‌က အဲ့ဒီမှာလုပ်‌နေတာကြာပြီ။ အရင်က တခါမှဒီလိုမဖြစ်ဖူးဘူး" လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ စာရေးမကတော့ အဲနေ့ညနေမှာ ပြန်လွတ်လာခဲ့ပြီး အမြန်ရေယာဉ်မောင်းကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိချိန်ထိတော့ အမြန်ရေယာဉ်ဟာ မြိတ်မြို့ ယောကြီးဝဆိပ်ခံဘောတံတားမှာပဲ ရှိနေပြီး ခရီးစဉ်မပြေးဆွဲဘဲ ရပ်နားထားတယ်လို့ သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီ  ၄ ရက်ကလည်း တနင်္သာရီမြို့နယ် PDF ထိန်းချုပ်နယ်မြေမှာ  ဘိန်းစာမှုန့်အထုပ် ၃၀၀၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ တနင်္သာရီမြစ်ထဲ ပစ်ချဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024