Home
မြန်မာသတင်း
နိုင်ငံတဝန်း စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄၀၇၀ ကျော်ထိ မြင့်တက်
DVB
·
September 11, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၄,၀၇၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၄၅၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၅၈ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၁၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၂၉၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနှင့် သုတေသနဌာန က စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်း ဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာဒေသတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ကြောင့် ဒေသခံပြည်သူတွေ နေရာစွန့်ခွာပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ စက်တင် ဘာ ၈ ရက်နေ့လယ်ပိုင်းကလည်း ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်းဖွေးကျေးရွာ အနီးက စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တချို့ ရွှေ့ပြောင်း ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေ နေထိုင်ရာ အရပ်ဒေသတွေကို စစ် ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ဒေသကို စွန့်ခွာပြီး တော့ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၉ ရက်ကလည်း စစ် ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ စစ် အုပ်စုတပ်နဲ့ ပျူစောထီးစစ်ကြောင်းက ဝင်ရောက် မီးရှို့ခဲ့တာကြောင့် တောင့်တည်း ကုန်းကျေးရွာ၊ သိုးဘိုးကျေးရွာ၊ ကိုးမြို့ကျေးရွာ၊ ဖလံချိုင်ကျေးရွာ၊ ညောင်ဇင်ကြီးကျေးရွာ၊ သရက်ခေါင်းကျေးရွာ၊ မင်းကုန်း(က)ကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာ၊ ဘိုတဲကုန်းကျေးရွာ၊ ဘိုကုန်းကျေးရွာနှင့် ပေလည်ကျေးရွာ အပါအဝင် ကျေးရွာ ၁၂ ရွာက ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေ ပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024