Home
မြန်မာသတင်း
ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ပြုတ်ကျသည့် မြန်မာအလုပ်သမားကို ထိုင်းအလုပ်ရှင်က ဆေးရုံမပို့ဘဲ မြောင်းထဲပစ်ချ သေဆုံး
DVB
·
September 11, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာလုပ်သား ၁ ဦး အလုပ်လုပ်စဉ် ခေါင်မိုးပေါ်က ပြုတ်ကျသွားပေမဲ့ ကန်ထရိုက်တာက ဆေးရုံကိုမပို့ဘဲ ရေမြောင်းထဲပစ်ချခဲ့တယ်လို့ AAC အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ က ပြောပါတယ်။

အသက် ၃၀ နှစ်အရွယ် မြန်မာလုပ်သား ကိုမင်းဇော်ဦးဟာ စက်တင်ဘာ ၄ ရက်က မီတာ ၂၀ လောက်မြင့်တဲ့ ခေါင်မိုးပေါ်မှာ အလုပ်လုပ်နေစဉ် မတော်တဆ ပြုတ်ကျသွားခဲ့တာမှာ ကန်ထရိုက်ဖြစ်တဲ့ ထိုင်းလင်မယားက ဆေးရုံကို ပို့ပေးမယ်လို့ ခေါ်သွားပေမဲ့ ဆေးရုံမရောက်ဘဲ လမ်းခုလတ်မှာ ရေမြောင်းထဲပစ်ချခဲ့တာလို့ AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“၅ ရက်နေ့က ကျနော်တို့ဆီကို အလုပ်သမားတွေ အကြောင်းကြားလာတယ်ခင်ဗျ။ သူတို့လုပ်ဖော်ကိုင်ဘက် ပြုတ်ကျပြီး ဒဏ်ရာရတော့ ကန်ထရိုက်တာလင်မယားက သူတို့ကားပေါ် တင်လိုက်တယ်။ ပြီးတော့ အနီးက မြန်မာလုပ်သားနှစ်ယောက်ပါ တင်လာတယ်။ အဲဒီ လုပ်သားနှစ်ယောက်ကို သူတို့နေတဲ့ အလုပ်သမားတန်းလျားကို ပို့ပေးခဲ့ပြီး လူနာကိုတော့ ဆေးရုံပို့မယ်ဆိုပြီး ခေါ်သွားတယ်။ အဲတုန်းက လူနာက အသက်ရှိနေသေးတယ်။ တနာရီလောက်ကြာတော့ သူတို့လင်မယား ပြန်လာတယ်။ လူနာကို ဘယ်ဆေးရုံမှာ ပို့ခဲ့လဲဆိုတာ သေချာမပြောပြဘူး။ သူတို့ကားကိုလည်း ရေဆေးထားတယ်။ အဲဒီကတည်းက အလုပ်သမားတွေက သူတို့ကို သိပ်မသင်္ကာတော့ဘူး။”

အလုပ်သမားတွေဟာ လူနာကို အဲဒီရပ်ကွက် အနီးနားတဝိုက် လိုက်ရှာပေမဲ့ မတွေ့ကြောင်း၊ AAC အဖွဲ့က အဲဒီညနေမှာ လိုအပ်သလို အကူအညီပေးဖို့ လိုက်သွားခဲ့ကြောင်း၊ နောက်ရက်မှာတော့ ရွာသူကြီးက သူတို့ရပ်ကွက်ထဲမှာ အလောင်းတလောင်းတွေ့လို့ တာဝန်ရှိသူတွေနဲ့အတူ သွားသယ်ပြီး ဆေးရုံပို့လိုက်တယ်၊ AAC နဲ့ အလုပ်သမားတွေက အဲဒီအလောင်းကို သွားကြည့်ရာမှာ ကိုမင်းဇော်ဦးရဲ့အလောင်းဖြစ်နေပြီး မြန်မာပြည်က သူ့ဇနီးကလည်း သေဆုံးသူဟာ သူ့ခင်ပွန်းဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူမှာ အဲဒီမှာ အလုပ်လုပ်နေတာ ၁ နှစ်လောက်ရှိပြီဖြစ်ပြီး အလုပ်သမားကတ်ရဖို့ အမည်စာရင်း တင်ထားဆဲဖြစ်ကြောင်း၊ သူ့မှာ အထောက်အထား မပြည့်စုံတာကတကြောင်း၊ သူတို့လုပ်ငန်းခွင်မှာ မတော်တဆ ထိခိုက်သွားတာမို့ ကန်ထရိုက်တာအနေနဲ့ လျော်ကြေးတွေ အများကြီးပေးရမှာစိုးလို့ လူနာကို အဲဒီလို လမ်းဘေးမှာ စွန့်ခဲ့ဟန်တူတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

AAC နဲ့ အလုပ်သမားတွေက ဒီကိစ္စကို ကမ်ဖိုင်ဖစ်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားရာမှာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာတော့ ကန်ထရိုက်တာလင်မယား နှစ်ယောက်လုံးကို ရဲက ဖမ်းဆီးရမိပြီလို့ ဦးခိုင်ကြီးက ပြောပါတယ်။

မြန်မာအလုပ်သမား ကိုမင်းဇော်ဦးဟာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ညောင်ဝိုင်းကျေးရွာကလို့ သိရပါတယ်။

Photo-HlaKhaingFacebook

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024