Home
မြန်မာသတင်း
မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ကျဉ်းများအတွက် "သံဖြတ်လွှ" ကန်ပိန်းပြုလုပ်
DVB
·
September 11, 2023

မုံရွာအကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ  ရပ်တည်ကြောင်းနဲ့ အကျဉ်းထောင်တွင်း ဥပဒေမဲ့ ဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်တံ့‌ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ သပိတ်အင်အားစုရဲဘော်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တွေနဲ့ ပြည်သူလူထုများစုပေါင်းကာ   "သံဖြတ်လွှ" အမည်နဲ့ ဓာတ်ပုံကမ်ပိန်းတခုကို စက်တင်ဘာလ ၁၁ ရက် ဒီကနေ့ စတင်ပြုလုပ်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်းက မုံရွာအကျဉ်းထောင်ထဲမှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်က အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။

အဲ့ဒီနောက်ပိုင်းမှာ သူတို့ ၁၄ ယောက်ကို ထောင်အာဏာပိုင်တွေက ထောင်ပြင် အဆောင်တခုမှာ သီးခြားခွဲချုပ်နှောင် ထားခဲ့ပြီး နောက်ဆက်တွဲသတင်းတွေကို စုံစမ်းလို့မရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဝင်တယောက်က ပြောပါတယ်။ 

အစာငတ်ခံဆန္ဒပြသူတွေထဲက တချို့အကျဉ်းသားတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ရုံးထုတ်ရှိတဲ့အတွက် နောက်ဆက်တွဲအခြေအနေတွေကို သိနိုင်ဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"သောကြာနေ့မှာလုပ်တယ်။ ညနေပိုင်းမှာ ကျနော်တို့ သတင်းသိတယ်။ စနေ၊ တနင်္ဂနွေ  နှစ်ရက် ခံသွားတယ်။ သူတို့တွေကို တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ ခွဲထုတ်ပြီးမှ ထောင်ပြင် သီးသန့်ဆောင် တဆောင်မှာသွားထားထားတယ်။ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ကျဉ်းတွေနဲ့ Hunger ဆွဲ နေတဲ့အကျဉ်းသားတွေရဲ့ ကြားထဲမှာ အဆက်အသွယ်ပြတ်သွားအောင်ရယ်၊ နောက်တချက် ဝန်းရံနေတဲ့သူတွေနဲ့ အစာငတ်ခံဆန္ဒပြနေတဲ့အကျဉ်းသားတွေကို သူတို့က သွေးခွဲတဲ့သဘောရှိတယ်။ ၁၄ ဦးကို သီးသန့်ခေါ်ထုတ်သွားခြင်းအားဖြင့် ၁၄ ယောက်ရဲ့ ကျန်းမာရေးကို ကျနော်တို့ စိုးရိမ်ရတဲ့အနေအထားရှိတယ်ဗျ။"

မုံရွာအကျဉ်းထောင်မှာ စစ်သား၊ ရဲ၊ မီးသတ်၊ ထွေအုပ်နဲ့ အကျဉ်းဦးစီးဝန်ထမ်းတချို့ပါဝင်တဲ့ အထူးရှာဖွေရေးအဖွဲ့က အကြောင်းမဲ့ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ပြီး အကျဉ်းသားတွေရဲ့ တကိုယ်ရေပစ္စည်းတွေကို သိမ်းယူတာ၊ လွှင့်ပစ်တာ၊ ဖျက်ဆီးတာတွေပြုလုပ်ခဲ့တာကြောင့် နိုင်ငံရေး အကျဉ်းသား  ၁၄ ယောက်က အစာငတ်ခံဆန္ဒပြတာ ဖြစ်တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ရှင်းသန့်က "ထောင်ဆူတာဘာညာမဟုတ်ဘူး။ Plain သက်သက်ဝင်တယ်လို့သိရတယ်။ အကျဉ်းသားတွေအားလုံးရဲ့ပစ္စည်းတွေ၊ စောင်၊ ခေါင်းအုံး၊ စာအုပ်၊ ဟင်းဘူး၊ ဟင်းအခြောက်အခြမ်းဘူး၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ အကုန်သိမ်းသွားပြီးတော့ လူတယောက်ကို အဝတ်တထည်ကိုယ်တခုနဲ့ စောင် နှစ်ထည်စီပဲပေးထားတယ်ပေါ့လေ။ အဲ့ဒါကြောင့် ပထမအသုတ်အနေနဲ့ ၁၄ ယောက်က အစာငတ်ခံဆန္ဒပြတယ်ပေါ့လေ။ ကျန်တဲ့တထောင်လုံးကလည်း Simi- Hunger ပေါ့။ ထောင်ကကျွေးတာ မစားဘူး။ ကိုယ်ဟာကိုယ်စားမယ်ဆိုတဲ့အနေအထားပေါ့”လို့ ပြောပါတယ်။

အကျဉ်းဦးစီးဌာန ညွှန်ချုပ်သစ်အဖြစ်စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်အဆင့်ရှိသူက ထောင်တွင်းဖိအားပေးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း(တတက ၃) ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မျိုးဆွေ ရာထူးယူပြီးမကြာခင်မှာပဲ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက "ဩဂုတ်ထဲမှာ သင်တန်းကျောင်းက ဗိုလ်ချုပ်အဆင့်ရှိတဲ့ ဦးမျိုးဆွေဆိုတဲ့သူပေါ့။ စစ်ကောင်စီကနေ အကျဉ်းဦးစီးလက်အောက်မှာရှိတဲ့အကျဉ်းထောင်တွေကိုအုပ်ချုပ်ဖို့ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ ခန့်အပ်လိုက်တယ်ပေါ့။ သူက စစ်တပ်ကလာတာဖြစ်တဲ့အတွက် အကျဉ်းထောင်တွေကို သူက စစ်ရေးပစ်မှတ်တခုလိုမျိုး အုပ်ချုပ်လာတာ၊ ဖိနှိပ်လာတာကို ကျနော်တို့ သိသိသာသာမြင်လာရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေနဲ့ အပြင်ကမိသားစုတွေကို စာနာထောက်ထားမှုမရှိဘဲ ဖိအားပေးအကြမ်းဖက်တာတွေဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် လက်ရှိအခြေအနေဟာ စိုးရိမ်စရာဖြစ်တယ်လို့ မုံရွာနယ်ခံနိုင်ငံရေးသမားတယောက်က သုံးသပ်ပြောပါတယ်။

မုံရွာနယ်ခံနိုင်ငံရေးသမားကို စိုးဝင်းဆွေက "မုံရွာထောင်တွင်းက သူရဲကောင်းတွေကို ပြင်းပြင်းထန်ထန်ဖိနှိပ်လာမှာတော့ စိုးရိမ်တယ်ဗျ။ ဒါကြောင့် ကျနော်တို့ မပြတ်စောင့်ကြည့်ပြီးတော့ ဝန်းရံထောက်ခံပေးသွားဖို့က အခုအချိန်မှာ အရေးကြီးနေတယ်ဆိုတာ ကျနော့် အနေနဲ့ မီးမောင်းထိုးပြောကြားချင်ပါတယ်”လို့ ပြောပါတယ်။

မုံရွာထောင်တွင်းအစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့  ထောင်က သိမ်းဆည်းသွားတဲ့ အကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့၊ အပြင်ကပို့တဲ့ ထောင်ဝင်စာနဲ့ပါဆယ်တွေကို အရင်လိုလက်ခံရယူနိုင်ဖို့၊ အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို အကျဉ်းဦးစီးက အပြည့်အဝတာဝန်ယူဖို့  အချက်သုံးချက် တောင်းဆိုထားပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024