ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်နဲ့ ပိုင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စနေနေ့က မိုးကြီးရေလျှံပြီး တောင်ကျချောင်းရေတွေကျလာတဲ့အတွက် လမ်းတံတားနဲ့ မော် တော်ကားတွေ ပျက်စီးပြီး အမျိုးသမီး တယောက် ရေထဲမျောပါသေဆုံးသွားခဲ့တယ်လို့ မယ်ဟောင်ဆောင်ပြန်ကြားရေးဌာနသတင်းမှာ ဖော်ပြပါတယ်။
၂ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းပြီးတဲ့နောက် စက်တင်ဘာ ၉ ရက်မနက်စော စောကတည်းက မယ်ဟောင်ဆောင်မြို့နယ် ဘန့်ဟွေ့ဖာအုပ်စု၊ မောက်စံပါယ် အုပ်စုထဲမှာ တောင်ကျချောင်းရေတွေ လျှံကျလာပြီး ဘန့်ဟွေ့ဖာကျေးရွာ ရပ်ကွက် ၁ နေ အသက် ၃၉ နှစ်ရွယ် နန်းဟွမ် ဆိုင်ကယ်ရွှေ့ပြောင်းစဉ် ရေထဲမျောပါ ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် မောက်စံပါယ်အုပ်စုထဲက ကမ္ဘာလှည့်ခရီးသွားတွ အလာများတဲ့ ဆုတောင်းပြည့် ဘုရားအသွားလမ်း ဆုတောင်းပြည့် ဝါးတံတားရှည်ကြီးမှာလည်း ကျိုးကျပျက်စီးသွားခဲ့ပါတယ်။
ဘန့်ဟွေ့ဖာအုပ်စုထဲက ထမ့်ပလာအမျိုးသားဥယာဉ်ထဲမှာလည်း ရေတွေဝင်ရောက်ပြီး ဝန်ထမ်းတွေရဲ့ ကား ၂ စီးရေထဲမျောပါပျက်စီးခဲပြီး အဆောက်အဦတချို့ ရေတိုက်စားကာ ပျက်စီးခဲ့ပါတယ်။
အဲဒီအုပ်စုထဲမှာပဲ ဒေသခံရွာသားပိုင်း ကား ၃ စီးရေထဲနစ်မြှုပ်ပျက်စီးကာ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တချို့ပါ ရေထဲမျောပါသွားပါတယ်။
ပိုင်းမြို့နယ် ထုန့်ထောင်းရပ်ကွက်ထဲမှာလည်း ကတ္တရာခင်းကားလမ်းဟာ ဘေးကချောက်ထဲကို ကျွံကျပျက်စီးသွားခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို စစ်တပ်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အပူတပြင်း ရှာဖွေနေရာမှာ မနေ့မနက် ၉ နာရီလောက်မှာ ဘန့်ဟွေ့ဖာဆေးရုံအနီး ရေချောင်းထဲက အပျက်အစီးပုံတွေကြားမှာ အလောင်းအနေနဲ့ ပြန်တွေ့ခဲ့တယ်လို့ မယ်ဟောင်ဆောင်ခရိုင် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်းရိုင်းရစ်ဖွန်ဒီးက သတင်း ထောက်တွေကို ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေအတွင်း မုဒ်တာဟန်နဲ့ ခရိုင် ၂ ခုတွင်း ရေကြီးမှုကြောင့် မြို့နယ် ၃ ခုရှိ အုပ်စု ၁၀ စုထဲရေတွေဝင်ကာ အမျိုးသမီး ၁ ဦးရေထဲမျောပါသေဆုံး၊ နေအိမ် ၃ လုံးရေထဲမျောပါ၊ စိုက်ပျိုးလယ်မြေဧကပေါင်း ၁၀၀ ကျော်ရေနစ်ခဲ့ကျောင်း၊ မော်တော်ယာဉ် ၃ စီး၊ စာသင်ကျောင်း ၁ ကျောင်း၊ တံတား ၅ စင်းပျက်စီးပြီး လမ်းဘေးဓာတ်မီးတိုင် ၅ တိုင် လဲကျ ပျက်စီးသွားခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ကူညီရေးဦးစီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ တနိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်း မိုးရွာနိုင်ခြေရှိပြီး တချို့နေရာ မိုးသည်းထန်တာကြောင့် ရေကြီးရေလျှံတာနဲ့ တောင်ကျ ချောင်းရေတွေ သတိထားဖို့ ထိုင်းနိုင်ငံမိုးဇလဌာနက ဒီမနက်ထုတ်ပြန်ထားပါတယ်။