Home
မြန်မာသတင်း
ဧည့်မထဆန် ရောင်းပေးနေသည့်ဆိုင်များ အရှုံးပေါ်နေ
DVB
·
September 10, 2023

ရန်ကုန်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ ရောင်းခိုင်းနေတဲ့ ဧည့်မထဆန်တွေကို တာဝန်ယူရောင်းချပေးနေရတဲ့ ဆန်ဆိုင်တွေ အရှုံးခံနေရတယ်လို့ သိရပါတယ်။

ဆန်ကို ပြည်သူတွေ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်ဖို့နဲ့ ဆန်ဈေးတည်ငြိမ်စေဖို့အတွက် ဧည့်မထဆန်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ ရန်ကုန်မြို့မှာရှိတဲ့ ဆန်ဆိုင် ၄၂ မှာ တပြည်ကို ၂၅၀၀ နှုန်းနဲ့သြဂုတ် ၂၅ ရက်က စတင်ရောင်းချပေးခဲ့ပါတယ်။

ဒီလိုရောင်းချပေးတဲ့နေရာမှာ ဆန်စပါးကုန်စည်ဒိုင်တွေကနေ အဆိုပါဆန်ဆိုင်တွေထံကို ကားနဲ့လိုက်လံ ပို့ဆောင်ပေးနေပြီး တအိတ်ကို ပို့ခ ၅၀၀ ပေးချေနေရတာကြောင့် ဆန်တခါ လာရောက်ပို့ဆောင်ရင် ကျပ် ၆၅,၀၀၀ လောက် အရှုံးပေါ်နေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ ဆန်ရောင်းနေသူတွေက ပြောပါတယ်။

“တခါလာချရင် အိတ် ၁၀၀ လောက်လာချတယ်။ အဲ့ဒီဆန်ပဲထိုင်ရောင်းနေရတယ်။ တခြားဆန်မရောင်းရဘူး။ အမြတ်တင်ရောင်းလို့လည်းမရဘူး။ ပို့ခက တအိတ် ၅၀၀၊ အိတ် ၁၀၀ ဆို ငါးသောင်း၊ ကြွတ်ကြွတ်အိတ်ဖိုးနဲ့ဆိုရင် ဆန်တခါလာချရင် ၆၅,၀၀၀ လောက်ရှုံးနေတာ။ ပြည်သူကတော့ ဝယ်ရတာသက်သာတာပေါ့။ ကျနော်တို့က အရှုံးခံနေရတာ" လို့ ဆန်းရောင်းနေသူတဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါဆန်တွေကို တဦးလျှင် ၂ ပြည်နှုန်းသာရောင်းချခိုင်းထားပြီး အိတ်လိုက်ရောင်းလို့ မရသလို ရောင်းချတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ စာရင်းအလိုက် ပြန်လည်တင်ပြပေးနေရတယ်လို့ သိရပါတယ်။

ဧည့်မထဆန်တွေကို ရန်ကုန်အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေး၊ ပဲခူးနဲ့ မကွေး တိုင်းဒေသကြီး တို့မှာလည်း အသင်းချုပ်နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အရောင်းဆိုင်တွေဖွင့်ကာ ဆက်လက်ရောင်းချမယ်လို့လည်း ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024