Home
မြန်မာသတင်း
နောင်ချို ဇီးပင်ကြိုးဝိုင်းက ထင်းရှူးပင်များကို စစ်ကောင်စီတပ်သားများ ခုတ်ရောင်းနေ
DVB
·
September 10, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နမ့်လင်းခမ်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးနဲ့ ၁ ဖာလုံဝန်းကျင်အကွာက မြန်မာ- တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ စခန်းခွဲငယ်မှာ လုံခြုံ ရေး တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇီးပင်သစ်တော ကြိုးဝိုင်းက ထင်းရှူး ပင်တွေကိုခုတ်ပြီး ထင်းအဖြစ် ထုံးဖိုတွေကို ရောင်းစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နမ့်လင်းခမ်ရွာကိုသွားတဲ့ လမ်းမြောက်ဘက် ကားလမ်းမရဲ့ အနောက်ဘက် မိန်းလမ်းမနဲ့ ရထားလမ်းကြား တဖာလုံအကွာမှာရှိတဲ့ တရုတ်ပိုင်းလိုင်းစခန်းခွဲရှိတယ်။ အဲ့ဒီမှာ စောင့်နေတဲ့ စစ်သားတွေက ဇီပင်ကြိုးဝိုင်းက ထင်းရှုးပင်တွေကို နေ့ဘက်ဆို အတွင်းပိုင်းမှာ ခုတ်တယ်။ ညဘက်ဆို လမ်းဘေးမှာ ခုတ်တယ်။ ချိန်းဇောတွေနဲ့ ခုတ်တာဆိုတော့ အပင်တွေလည်း တော်တော်ကုန်နေပြီ။ ခုတ်လို့ရတဲ့ ထင်းရှူးပင်တွေကို ထုံးဖုတ်တဲ့ ထုံးဖိုတွေကို ထင်းအဖြစ် ကားတစီးကို ငါးသောင်းနဲ့ ရောင်းစားနေတယ်” လို့ မျက်မြင်သက်သေတဦးက ပြောတယ်။

နမ့်လင်းခမ်ကျေးရွာအနီးက တရုတ်ပိုက်လိုင်းစခန်းခွဲစောင့်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇီးပင်ကြိုးဝိုင်းက ထင်းရှုးပင်တွေကို ခုတ်ရေးနေတဲ့အပြင် မှောင်ခိုသစ်ကား၊ ထင်းကားတွေကိုလည်း တရားမဝင်ငွေကြေးတောင်းခံနေပါတယ်။

“သူတို့နေရာက ပြည်ထောင်စုလမ်းမကြီးနဲ့ နီးတော့ လမ်းပေါ်တက်ပြီး သစ်ကားတွေကို ပိုက်ဆံတောင်းတယ်။ သစ်ကားတစီး ဖြတ်ရင် သစ်အမျိုးစားအလိုက်ပေါ့။ ကျွန်းဆိုတမျိုး၊ သစ်မာဆိုတမျိုး တောင်းတယ်။ တစီးကို သုံးသောင်းကနေ ငါးသောင်း တောင်းတယ်” လို့ မျက်မြင်သက်သေက ဆိုပါတယ်။

မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ရေနံပိုက်လိုင်းအရှည်က ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရှည်ကတော့ ၇၃၉ ကီလိုမီတာရှိပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က တရုတ်ပိုက်လိုင်းရဲ့ စခန်းခွဲငယ်တွေမှာ စစ်တပ်က လုံခြုံရေးစောင့်ပေးတာမရှိပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှသား ပိုက်လိုင်းရဲ့ စခန်းခွဲငယ်တွေကို စစ်ကောင်စီတပ်က လုံခြုံရေးစောင့်ပေးနေရတာလို့ မျက်မြင်တွေကပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024