မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်လိုက်လို့ ဒေသခံ ၄ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၈ ရက် မနက် ၁၁ နာရီ ဝန်းကျင်အချိန်က အင်အား ၃၀၀ ကျော်လောက် ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဆိပ်သာရွာကို ဝင်ရောက်လာကြောင့် ရွာခံတွေကို ထွက်ပြေးကြဖို့ လှမ်းအော်သတိပေးတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၂ ယောက်ကို စစ်သားတွေက ကားပေါ်ကဆင်းပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ဆိပ်သာရွာ ဒေသခံတယောက်က “သေတဲ့လူတွေက ဆိပ်သာရွာက ညီအစ်ကို နှစ်ယောက်ပါ။ စစ်သားတွေ ကားပေါ်ကဆင်းလာတာနဲ့ ‘စစ်သားတွေလာပြီပြေးကြ’လို့ ပြောတာ။ အဲမှာ ပစ်သတ်လိုက်တာတဲ့။ ကျနော့်မိသားစု အပါအဝင် ရွာခံတွေ အကုန်ပြေးနေရတယ်။ ဒီနေ့တော့ အသေအပျောက် ပိုများမယ်ထင်တယ်။ ခုနက ကျောင်းကုန်းရွာထဲမှာ သေနတ်သံတွေရော၊ ငိုသံတွေရော ကြားတယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။
ကျောင်းကုန်းရွာ၊ ကျွဲတပ်ဇီးရွာ၊ ဖြူကုန်း၊ ကွေ့ကြီးရွာ၊ ဆိပ်သာရွာ စတဲ့ကျေးရွာတို့မှာ ဒေသ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇီးဖြူကုန်းရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ရမ်းသန်းပစ်ခတ်လို့ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး မတ္တရာမြို့နယ်အတွင်း ကျေးရွာ ၆ ရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။