မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ ခေါက်ကူရွာမှာ ရှေ့တန်းကင်းသွား ထောက်တဲ့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင် အမျိုးသားတအမျိုးသမီးတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဂန့်ဂေါPdfတာဝန်ရှိသူတွေကပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ မနေ့က နေ့ခင်း ၂ နာရီဝန်းကျင်မှာ ခေါက်ခူရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ကင်းထောက်သွားရင်း စစ်ကောင်စီရဲ့ ဝိုင်းဖမ်းတာကို ခံလိုက်ရတာလို့ ဆိုပါတယ်။
ဂန့်ဂေါ PDF တာဝန်ရှိသူတယောက်က "အမျိုးသား ရဲဘော်တယောက်နဲ့ အမျိုးသမီးရဲဘော်တယောက် ဖမ်းခံရတာ။ သူတို့က ကင်းသွားထောက်တာ။ စစ်သားတွေက သူတို့ကိုပြန်ပြီး ဝိုင်းဖမ်းလိုက်ကြတာ။ စကားပြောစက်တလုံးတော့ ပါသွားတယ်။ လက်နက်တွေတော့ မပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဂန့်ဂေါမြို့နဲ့ ၆ မိုင်ကွာဝေးတဲ့ ခေါက်ခူရွာကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၉ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်တာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ သူတို့ဖမ်းဆီးခဲ့တဲ့ ရဲဘော် ၂ ယောက်နဲ့အတူ ခေါက်ခူရွာကနေ ခလရ ၅၀ တပ်ထဲကို ရွှေ့ပြောင်းပြန်သွားပြီလို့ သိရပါတယ်။
ဂန့်ဂေါနယ်ဒေသခံတယောက်က "ဒီဘက်မှာက ဖမ်းမိရင် ပစ်သတ်ပြီး မြစ်ထဲ မျှောချတာများတော့ ကလေးတွေကိုစိုးရိမ်နေရတယ်။ အခုလောလောဆယ်တော့ ခလရ ၅၀ စစ်ကြောရေးမှာ ရောက်နေတယ် သတင်းကြားတယ်။ မိသားစုတွေနဲ့တော့ ဆက်သွယ်ခွင့်မရဘူး"လို့ ဒီဗွီဘီကို ပြောပါတယ်။
ဂန့်ဂေါမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး ဒေသဆိုင်ရာ အမှုတွေကို စစ်ခုံရုံးကနေ စစ်ဆေးဆောင်ရွက်ခွင့်ရထားတာပါ။