ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာက ပြည်သူ့စစ်ဂိတ်ကို လက်နက်ကိုင်အဖွဲ့တခုက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၉ နာရီခွဲလောက်မှာ အမည်မသိအဖွဲ့တခုက လာရောက်တိုက်ခိုက်တာဖြစ်ပြီး လာရောက်ပစ်ခတ်တဲ့အဖွဲ့ဘက်က ကားတစီး ကျန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
"ရဲစခန်းနားက ပြည်သူ့စစ်ဂိတ်မှာ သေနတ်တွေနဲ့ပစ်နေကြတာ။ မနက်ကတည်းက ရုတ်ရုတ်ရုတ်ရုတ်တော့မြင်တယ်။ ပစ်တာကတော့ ၉ နာရီခွဲလောက်မှာ ဝင်ပစ်သွားတာ။ လာပစ်တဲ့ဘက်ကတော့ ကားကျန်ခဲ့တယ်။ ပြည်သူ့စစ်ဘက်ကတော့ ၃ ယောက် ကျတယ်” လို့ သူက ပြောပါတယ်။
သင်္ဃန်းညီနောင်ကျေးရွာက ပြည်သူ့စစ်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း လမ်းကို ခေတ္တခဏပိတ်ထားခဲ့ပြီး အခုအချိန်မှာတော့ ပုံမှန်အတိုင်း သွားလာနေကြတယ် လို့ ဒေသခံတွေက ဆိုပါတယ်။
သြဂုတ် ၇ ရက်နေ့ ညနေ ၆ နာရီ၃၀ါမိနစ် အချိန်လောက်မှာလည်း မြဝတီမြို့အဝင် သင်္ဃန်းညီနောင် တပ်မ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။