စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) တွေကို အခြေခံ အမှုစစ်သင်တန်း ပေးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာ တရားဥပဒနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ သင်တန်းပေးခဲ့တာဖြစ်ပြီး စက်တင်ဘာ ၉ ရက်မှာ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က "အမှုတွေ စစ်ဆေး မေးမြန်းတဲ့အခါ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုရှိအောင်လို့ သင်တန်းကို ပြုလုပ်ဖြစ်တာပါ။ သင်တန်းကို ဩဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၉ ရက်နေ့ အထိ ပုလဲမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ (ပလဖ) က သင်တန်းသား အယောက် ၂၀ ကို ပထမ အသုတ်အနေနဲ့ သင်တန်းပေးခဲ့တာပါ။ ပလဖ တပ်ဖွဲ့ဝင်တွေ တိုးလာရင်တော့ နောက်တကြိမ် သင်တန်းပေးနိုင်အောင် ကြိုးစားဦးမှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။
သင်တန်းကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ရဲမှူး ကိုယ်တိုင် မြေပြင်မှာလာရောက်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို မြို့နယ် ပအဖ၊ မြို့နယ် လူသားစာနာ တာဝန်ခံ တို့နဲ့ အတူ ပြည်သူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။