တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေ့ရဲ့ အင်အားအကြွင်းအကျန်တွေကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်တလွှားမှာ သမိုင်းဝင် မိုးရေချိန်နဲ့ မိုးရွာချခဲ့ပါတယ်။
ဒါကြောင့် စက်တင်ဘာ ၈ ရက်ကစပြီး သန့်ရှင်းရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက် နေပါပြီ။
ရှန်းကျန်းမြို့မှာ လူတွေဟာ ရထားဘူတာက ရေတွေနဲ့ ရွှံ့တွေကို ရှင်းထုတ်နေပြီး ဒေသခံတွေက ဒူးထိနက်တဲ့ ရေထဲမှာ ဘေးကင်းရေး ကြိုးတွေကို ကိုင်ရင်း သွားလာနေတဲ့ ရုပ်သံကို အစိုးရမီဒီယာက ပြသခဲ့ပါတယ်။
ရှန်းကျန်းမှာ အချိန် ၁၂ နာရီအတွင်း မိုးရေချိန် ၁၈ လက်မ အထိ ရွာချခဲ့လို့ ၁၉၅၂ ခုနှစ်က မှတ်တမ်းတွေ စတင် မှတ်သားချိန်က စပြီး အများဆုံး ရွာသွန်းမှု ဖြစ်ပါတယ်။
ကွမ်တုံပြည်နယ် အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ စက်တင်ဘာ ၉ ရက် အစောပိုင်းထိ မိုး သည်းသည်းထန်ထန် ရွာခဲ့တယ်လို့ တရုတ် မိုးလေဝသဌာနက ပြောခဲ့ပါတယ်။
ဟောင်ကောင်မှာ စံချိန်ကျိုးအောင် ရွာတဲ့ မိုးကြောင့် ရေလွှမ်းမိုးခံခဲ့ရတဲ့ ရှော့ပင်းမောတွေမှာ ရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ်ခဲ့ပြီး လမ်းတွေပေါ်က ရေတွေကို ဖောက်ထုတ်အပြီး စက်တင်ဘာ ၉ ရက်မှာ တမြို့လုံး သန့်ရှင်းရေး လုပ်ခဲ့ပါတယ်။
မြို့ပတ်လည်က မြေပြိုမှု အတော်များများထဲက တခုကို အခြေအနေ သုံးသပ်ဖို့ အစိုးရ အရာရှိတွေက ဒရုမ်းယာဉ် တစီးကို ပြင်ဆင်ခဲ့ပါတယ်။
လူ ၂ ဦး သေပြီး လူရာချီ ဒဏ်ရာရခဲ့တဲ့ မိုးဒဏ်ကနေ သက်သာစေဖို့ အစိုးရက ကောင်းကောင်း ပြင်ဆင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မေးမြန်းခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
ဟောင်ကောင်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၆၀၀ မီလီမီတာ ရွာချခဲ့လို့ တနှစ် ပျမ်းမျှ မိုးရေချိန်ရဲ့ လေးပုံတပုံထိ ရွာချခဲ့တာပါ။
ကွမ်တုံပြည်နယ် တောင်ပိုင်း၊ ကွမ်းရှီးပြည်နယ်နဲ့ ဟိုင်နန်ကျွန်းတို့မှာ သွန်ချသလို အချိန်တိုအတွင်း မိုးရေချိန် များများ ဆက်ပြီး ရွာဦးမယ်လို့ တရုတ် မိုးလေဝသ စီမံခန့်ခွဲရေးရုံးက စနေနေ့မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters